Monday, December 4, 2017

အရေးပေါ်တားဆေးက ကိုယ်ဝန်မရအောင် ဘယ်လို ကာကွယ်ပေးတာလဲ။

အရေးပေါ်တားဆေးက ကိုယ်ဝန်မရအောင် ဘယ်လို ကာကွယ်ပေးတာလဲ။

*********************************************************

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသားနဲ့ အတူတူနေတာနဲ့ ချက်ခြင်းရတာမဟုတ်ပါဘူး။ ဒါကြောင့်မို့ အတူနေပြီး ရက်အနည်းငယ်အတွင်းမှာ ကိုယ်ဝန်မရအောင် တားလို့ ရနိုင်တာပါ။ အားလုံးက အချိန်မှီ၊ အချိန်ကိုက် ဖြစ်နေဖို့ အရေးကြီးပါတယ်။
.

အတူနေပြီးနောက် အမျိုးသားရဲ့ သုတ်ပိုးက အမျိုးသမီးရဲ့ ကိုယ်ထဲမှာ  ခြောက် ရက်လောက်အထိ အသက်ရှင်နိုင်ပါတယ်။ အကယ်၍ ဒီ ခြောက်ရက်အတွင်းမှာ သားဥကြွေခဲ့ရင် သုတ်ပိုးနဲ့ သားဥပေါင်းပြီး သန္ဓေသားလောင်းလေးအဖြစ် သားအိမ်နံရံမှာ တွယ်ကာ တဖြည်းဖြည်းနဲ့ ကြီးလာပါမယ်။ ဒါကို ကိုယ်ဝန်ရှိတယ်လို့ခေါ်တာပါ။
.

အရေးပေါ်တားဆေးကမမျိုးဥကနေ သားဥမကြွေအောင် ဟန့်တားပေးပါတယ်။ အကယ်၍သာ သားဥကြွေပြီးဖြစ်ရင်တော့ သုတ်ပိုးနဲ့ သားဥလေးနဲ့ မပေါင်းနိုင်အောင် ဟန့်တားပေးနိုင်စွမ်း က တနေ့တလုံးသောက်ဆေးတွေလောက် အာနိသင်မရှိပါဘူး။ ရာသီခွင်ရဲ့ ဘယ်ရက်မှာဆေးသောက်လဲ ဆိုတာရယ်၊ အတူနေပြီး ဘယ်လောက်မြန်မြန်ဆေးသောက်ဖြစ်လဲ ဆိုတာတွေက ကိုယ်ဝန်မရအောင် ဘယ်လောက်ထိ ကာကွယ်ပေးနိုင်လဲဆိုတာကို ဆုူံးဖြတ်ပေးတဲ့ အရေးကြီး အချက်တွေဖြစ်သွားပါတယ်။
.

အဲဒါကြောင့် အရေးပေါ်တားဆေးကို အရေးပေါ် အခြေအနေမှသာသုံးသင့်ပါတယ်။ မကြာခဏ အတူတူနေဖြစ်မယ့် အခြေအနေမျိုးရှိရင်/ သုံးလေးရက်ဆက်တိုက်အတူနေပြီး အရေးပေါ်တားဆေးပဲ တနေ့ပြီးတနေ့ သောက်နေတာမျိုးက မလုပ်သင့်ပါဘူး။ ပုံမှန်သန္ဓေတားနည်းတမျိုးမျိုး (ဥပမာ နေ့စဉ်သောက်တားဆေး၊ သုံးလခံထိုးဆေး၊ ကွန်ဒုံး၊ သားအိမ်ထဲထည့် ပစ္စည်း၊ လက်မောင်းအရေပြားအောက် ထည့်ပစ္စည်း) ကို သုံးဖို့ တိုက်တွန်းချင်ပါတယ်။

.
နောက်တခုရှင်းပြချင်တာက အရေးပေါ်တားဆေးက တချို့တွေ အမှတ်မှားနေသလို ကိုယ်ဝန်ဖျက်ချတဲ့ဆေး မဟုတ်ပါဘူး။  အကယ်၍သာ ဆေးသောက်တဲ့ အချိန် နောက်ကျလို့ သားလောင်းလေးက သားအိမ်နံရံမှာ တွယ်ကပ်ပြီးသား ဖြစ်ရင်တော့ (ကိုယ်ဝန်ရှိနေပြီလို့ဆိုလိုတာပါ)  ကိုယ်ဝန်ဆက်ရှိသွားမှာဖြစ်သလို ဆေးကြောင့် သန္ဓေသားလောင်းပေါ်မှာ ထိခိုက်မှု မဖြစ်စေပါဘူး။
.

References:

1. WHO: Family Planning, Global Handbook for providers 2011 update

2. Emergency Contraception_How do you take EC. Family Planning NSW Fact Sheet. NSW. Australia.

3. Emergency Contraception (Morning after pill and IUD) NHS Choices Health A-Z. Contraceptive Choices. UK.

#mate #ECpills #OCpills #အရေးပေါ်တားဆေး #ဆေးကဒ် #တားဆေး #စိတ်ချ #ကိုယ်ဝန် #ကိုယ်ဝန်တား #သန္ဓေတား  #ကဒ်ဆေး #တားဆေးကဒ်

No comments:

Post a Comment

မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ

မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ  စာရေးသူ - ပစ်တိုင်းထောင် (ဆေးမန်း) ၁) မျက်ရည်ယိုဗုံး (Tear Gas) ဆိုတာ - Tear Gas ကို အထိကရုံး နှိမ်န...