Sunday, December 10, 2017

ကျန်းမာပျော်ရွှင်အောင် သီတင်းတပတ်ကို ဘယ်နှစ်ကြိမ် လိင်ဆက်ဆံမလဲ

ကျန်းမာပျော်ရွှင်အောင် သီတင်းတပတ်ကို ဘယ်နှစ်ကြိမ် လိင်ဆက်ဆံမလဲ

သင့်အနေနဲ့ ယုံချင်မှ ယုံမယ်၊ လက်ခံချင်မှ လက်ခံလိမ့်မယ်။ ဒါပေမယ့် ဟန်ချက်ညီမှုတွေနဲ့ တည်ရှိနေတဲ့ သဘာဝတရားကြီးမှာ သက်ရှိ လူသားတဦးအနေနဲ့ သီတင်းတပတ်လုံး လိင်ဆက်ဆံမှု လုံးဝ မရှိလို့လည်း မကောင်းသလို လိင်ဆက်ဆံမှု အကြိမ်ရေများနေလို့လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်လိမ့်မယ်ဗျ။ ဒီတော့ ဘယ်လို ဟန်ချက်ညီညီ လိင်ဆက်ဆံမှုကို တရက်၊ ဒါမှမဟုတ် သီတင်းတပတ်၊ ဒါမှမဟုတ် တလမှာ ဘယ်နှစ်ကြိမ် ထိတွေ့ကြမလဲဗျာ။ အဲဒီအတွက် အမေရိကန်နိုင်ငံ၊ တိုရန်တိုတက္ကသိုလ်ကနေ လေ့လာထားချက်ကို နည်းနည်းလောက် ဖောက်သည်ချပြချင်ပါတယ်။

Huffington Post သတင်းစာမှာ အခု လေ့လာချက်နဲ့အတူ လေ့လာရေး အဖွဲ့ဝင် Amy Muise နဲ့ အင်တာဗျူးကို ဖော်ပြထားတာ တွေ့ရပါတယ်။ အဆိုပါ လေ့လာချက်နဲ့ အင်တာဗျူးအရတော့ ကျနော်တို့ လူသားတွေမှာ သတင်းတပတ်လုံး လိင်ဆက်ဆံမှုတကြိမ်ရှိရုံနဲ့ လုံလောက်တယ်။ ဇီဝဖြစ်စဉ်နဲ့ စိတ်အခြေအနေလည်း ပုံမှန် ရှိနေမယ်လို့ ဆိုပါတယ်။

Muise က အဆိုပါ အင်တာဗျူးမှာ ဒီနေ့ခေတ် လူအများစုက အလုပ်များနေတတ်တယ်၊ ဒီတော့ ချစ်သူ၊ ဇနီးမယား၊ ခင်ပွန်းသည်နဲ့ လိင်ဆက်ဆံမှု သိပ်ပြီး မရှိချင်ကြတော့ဘူး။ တချို့လည်း လိင်ဆက်ဆံမှု နေ့တိုင်း လိုလို ရှိနေပေမယ့် အလုပ်နဲ့အတူ အခြား အာရုံတွေကြောင့် လိင်ထိတွေ့မှုမှာ ခံစားချက် အပြည့်အဝ ကျေနပ်မှု မရှိကြဘူး။ ဒီအတွက် လေ့လာတွေ့ရှိချက်ကတော့ တပတ်မှာ တကြိမ်ပဲ လိင်ဆက်ဆံမယ်ဆိုရင်တောင် လူသားတွေအတွက် ဇီဝ ဖြစ်စဉ်အနေနဲ့ရော စိတ်အခြေအနေမှာပါ အကောင်းဆုံး ပုံမှန်လည်ပတ်နိုင်နေမှာ ဖြစ်ပါတယ်လို့ ပြောသွားတာ တွေ့ရပါတယ်။

ဒါပေမယ့် သူကပဲ ဆက်ပြီးတော့ တပတ်မှာ တကြိမ်ပဲ လိင်ဆက်ဆံပေမယ့် အဆိုပါ လိင်ထိတွေ့ချိန်မှာတော့ လိင်ဆက်ဆံသူ နှစ်ဦးလုံး အနေနဲ့ စိတ်ပါဝင်စားမှုနဲ့အတူ ပြည့်ဝတဲ့ လိင်ထိတွေ့မှုရှိဖို့ လိုအပ်တယ်လို့တော့ ဆိုပါတယ်။ နေ့တိုင်းလိုလို လိင်ဆက်ဆံနေပေမယ့် စိတ်ပါဝင်စားမှု အားနည်းမယ်၊ ကျေနပ်မှုမရှိဘူး ဆိုရင် လိင်ဆက်ဆံမှု အကြိမ်ရေများလို့ ကျန်းမာရေးပိုင်းမှာ အားနည်းချက် အနည်းငယ် ဖြစ်လာစေနိုင်တာကလွဲရင် အခြား အကျိုးရလဒ် ရှိလာမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

Muise က သူတို့ လေ့လာရေးအဖွဲ့အနေနဲ့ ဆယ်စုနှစ် တစုခန့်ကြာအောင် အခု လေ့လာချက်ကို စုံတွဲပေါင်း ထောင်နဲ့ချီပြီး လေ့လာထားတာဖြစ်ကြောင်းနဲ့ အများစုက ချစ်သူနှစ်ဦးအကြား လိင်ဆက်ဆံမှု မပြတ်ရှိနေမှ အချင်းချင်း အဆင်ပြေမယ် ထင်ကြပေမယ့် ပျမ်းမျှ တပတ်မှာ တကြိမ်လောက်ပဲ ပြည့်ဝတဲ့ လိင်ဆက်ဆံမှု ရှိရင်တောင် ကျန်းမာရေးအတွက်ရော အချင်းချင်းအကြား ပြေလည်မှုမှာပါ အကောင်းဆုံး အနေအထားနဲ့ ရေရှည် လက်တွဲနိုင်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ အိမ်ထောင်သည်တွေအတွက် အလုပ်ချိန် အလုပ်၊ အနားယူချိန် အနားယူပြီး အကောင်းဆုံး ဘဝဖြတ်သန်းမှုကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းတခု တွေ့လာရတာပဲ ဖြစ်ပါတယ်။

Ref: www.maxim.com
Th irrawady burmese news 

Wednesday, December 6, 2017

သားဆက်ခြားထိုးဆေး (Contraceptive Injection)

www.myanmarhealthcentre.com
သားဆက်ခြားထိုးဆေး (Contraceptive Injection)

သားဆက်ခြားထိုးဆေး  (Contraceptive Injection) သည် အလွန်ထိရောက်၍ အန္တရာယ်ကင်းသော သားဆက်ခြားသည့် နည်းလမ်းဖြစ်သည်။ သားဆက်ခြားဆေး ၁ လုံး၏ အာနိသင်သည် အနည်းဆုံး ၁၃ ပတ်ကြာမြင့်သည်။ သို့သော် ဆေးအမျိုးအစား ပေါ်မူတည်သည်။

သားဆက်ခြားထိုးဆေး (Contraceptive Injection) ဆိုတာဘာလဲ?

သားဆက်ခြားဆေးတွင် ပရိုဂျက်စထိုဂျင် (Progestogen) ဟော်မုန်းပါဝင်သည်။ ထိုဆေးကို ၁၉၆၀ ခုနှစ်ကျော် ကာလ ကတည်းက တကမ္ဘာလုံးတွင် စတင်အသုံးပြုခဲ့ကြသည်။ ဒီပို-ပရိုဗာ (Depo-Provera®) သည် အသုံးအများဆုံးသော ဆေးအမျိုးအစားတစ်ခုဖြစ်ပြီး ၁၂ ပတ်ကြာလျှင် ၁ ကြိမ် ထိုးရန် လိုအပ်သည်။ ဆရနာ ပရက်စ် (Sayana Press®) သည် လည်း ဒီပို-ပရိုဗာ (Depo-Provera®) နှင့် ဆင်တူသည့် ဆေးဖြစ်သည်။ နိုရစ်တီရတ် (Noristerat®) အမည်ဖြင့်လည်း ရရှိ နိုင်ပြီး ထိုဆေးသည် ၈ ပတ်ကြာလျှင် ၁ ကြိမ် ဆေးထိုးရန် လိုအပ်သည်။



သားဆက်ခြားထိုးဆေးသည် မည်ကဲ့သို့ အလုပ်လုပ်သနည်း?

ပရိုစထရိုဂျင်ကို ကြွက်သားများအတွင်းသို့  ထိုးပြီးနောက် (သို့) အရေပြားအောက်သို့ ထိုးပြီးနောက် သွေးစီးကြောင်း အတွင်းသို့ တဖြေးဖြေး ပြန်လွှတ်ထုတ်ပေးသည်။ ထိုဆေးသည် အဓိကအားဖြင့် မ မျိုးဥအိမ်မှ မ မျိုးဥ ထုတ်လွှတ်ခြင်း( မ မျိုးဥ ကြွေခြင်း) ကို တားဆီးပေးသည်။ ထို့အပြင် သားအိမ်ခေါင်းထိပ်ဝတွင် အကျိအချွဲများကို ထူထပ်စေပြီး ပိတ်ဆို့မှုဖြစ်ပေါ်စေသည်။ သားအိမ်ခေါင်းအ၀တွင် အကျိအချွဲများ ထူထပ်ပိတ်ဆို့ခြင်းကြောင့် လိင်ဆက်ဆံသည့်အခါ သုတ်ပိုးကောင် သားအိမ်အတွင်းသို့ မ၀င်နိုင်စေရန် တားဆီးပြီး မ မျိုးဥနှင့်ပေါင်းစပ်ခြင်းကို တားဆီးသည်။ ထို့အပြင် ထိုဆေးသည် သားအိမ်နံရံများကိုလည်း ပါးစေ သဖြင့် သန္ဓေသားလောင်းများ နံရံကို တွယ်မရတော့ပေ။

သားဆက်ခြားထိုးဆေးသည် မည်မျှ အာနိသင်ရှိသနည်း?

ထိုဆေးသည် အလွန်အာနိသင်ရှိပေသည်။ သားဆက်ခြားထိုးဆေးထိုးထားသော အမျိုးသမီး အယောက် ၁၀၀၀ သည် ပုံမှန် လိင်ဆက်ဆံပါက  ၂-၆၀ ယောက်သည်  ၂ နှစ်ကြာလျှင် ကိုယ်ဝန်ရနိုင်သည်။  ဆေးမထိုးဘဲ လိင်ဆက်ဆံသော အမျိုးသမီး အယောက် ၁၀၀၀ တွင် ၈၀၀ သည် ၁ နှစ်အတွင်း ကိုယ်ဝန်ရနိုင်သည်။

သားဆက်ခြားထိုးဆေး၏ ကောင်းကျိုးများဟာ ဘာလဲ?

·         နေ့စဉ်အချိန်မှန် ဆေးသောက်ခြင်းအတွက် ဂရုစိုက်ရန် မလိုအပ်ပေ။ ၂-၃ လကြာပြီးမှ သားဆက်ခြားဆေးထိုးရန် လိုအပ်သည်။

·         လိင်ဆက်ဆံခြင်းအပေါ် အနှောင့်အယှက်မရှိပေ။

·         မိခင်နို့တိုက်ကျွေးနေစဉ်အတွင်းလည်း အသုံးပြုနိုင်သည်။

·         ရာသီသွေးပေါ်ခြင်းနှင့် သက်ဆိုင်သည့် အချို့သော ပြဿနာများကို ကူညီဖြေရှင်းပေးသည်။ ဥပမာ - ရာသီသွေးမဆင်း မှီ စိတ်ဖိစီးမှုများဖြစ်ခြင်း ၊ ရာသီလာချိန်တွင် အလွန်နာကျင်ခြင်းနှင့် အန်ဒိုမီထရီယိုစစ် ရောဂါ (Endometriosis) ။

·         ဟော်မုန်းပေါင်းစပ်ထားသော သားဆက်ခြားဆေးများကို မသက်နိုင်သည့် အမျိုးသမီးများအတွက် သင့်လျော်သည်။

·         မ မျိုးဥအိမ် ကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပေါ်နိုင်သည့် အခွင့်အလမ်းကို လျော့ချပေးသည်။

·         အကယ်၍ ဆေးသုံးစွဲခြင်းကို ရပ်တန့်လိုပါက ဆရာဝန် (သို့) သူနာပြုဆရာမထံသွားရန် သန္ဓေတားပစ္စည်းကို ဖယ်ထုတ် ရန် မလိုအပ်ပေ။

သားဆက်ခြားဆေးထိုးခြင်း၏ ဆိုးကျိုးဟာ ဘာလဲ?

·         ဆေးထိုးလိုက်ပြီးနောက် ထိုဆေးကို ခန္ဓာကိုယ်အတွင်းမှ ပြန်ဖယ်ထုတ်၍ မရတော့ပေ။ ဆေး၏ ဘေးထွက်ဆိုးကျိုးများ သည် ခန္ဓာကိုယ်အတွင်းမှ ပရိုဂျက်စထိုဂျင်ကုန်သွားသည့်အချိန်အထိ ၂-၃ လခန့်ကြာမြင့်တတ်သည်။

·         ဆေးအာနိသင်သည် ရှည်ကြာသည့်အတွက် ကိုယ်ဝန်ဆောင်လိုသည့်အခါ သန္ဓေအောင်ရန်အတွက် အချိန်တစ်ခုအထိ စောင့်ရန် လိုအပ်သည်။ စောင့်ရသည့် အချိန်သည် အမျိုးသမီး တစ်ဦးနှင့် တစ်ဦးကွာဟချက် ရှိသည်။ အချို့သော အမျိုး သမီးများသည် ဆေးနောက်ဆုံးထိုးပြီးသည့် အချိန်မှစ၍ ၆-၈ လကြာသည်အထိ မ မျိုးဥကြွေခြင်းမရှိပေ။ အချို့အမျိုး သမီးများတွင် မ မျိုးဥကြွေရန် ၁ နှစ်ကျော်ခန့်ကြာမြင့်သည်။ ထိုသို့ကြာမြင့်ခြင်းသည် သားဆက်ခြားဆေးကို မည်မျှ ကြာကြာသုံးစွဲခဲ့သည်ဆိုသည့် အချိန်ကာလနှင့် ဆက်စပ်ခြင်းမရှိပေ။

·         ရာသီစက်ဝန်းသည် ပြောင်းလဲနိုင်သည်။ ဆေးထိုးပြီး ပထမလများတွင် အချို့သော အမျိုးသမီးများတွင် ရာသီသွေးဆင်း သည့်အချိန်သည် မ မှန်ဘဲ ဖြစ်နေတတ်ပြီး သွေးပမာဏသည်လည်း ပုံမှန်ထက် ပိုများပြီး ရက်ပိုကြာတတ်သည်။ သို့သော် ရာသီသွေးပမာဏများစွာ အမြဲမဆင်းတတ်ပေ။ ပထမလအနည်းငယ်ကြာပြီးနောက် ရာသီသွေးပမာဏသည် ပုံမှန်ထက် ပိုနည်းပြီး ရက်မမှန်ဘဲ ဖြစ်နေတတ်သည်။ အမျိုးသမီးအများစုတွင် ရာသီသွေးမပေါ်ဘဲ ရှိတတ်သည်။ သားဆက်ခြားထိုးဆေးကို အချိန်ကြာမြင့်စွာ သုံးလေလေ ရာသီသွေးဆင်းမှု ရပ်တန့်ခြင်း ပိုဖြစ်လေဖြစ်သည်။ သားဆက်ခြားထိုးဆေးကို ၁ နှစ်ခန့် ထိုးထားသော အမျိုးသမီး ၁၀ ယောက်တွင် ၇ ယောက်သည် ရာသီသွေး ရပ်သွား သည်။

အချို့သော အမျိုးသမီးများတွင် ရာသီသွေးဆင်းချိန် မမှန်ခြင်းသည် စိတ်အနှောက်အယှက်ဖြစ်စေသည်။ သို့သော် ဆေးထိုး နေစဉ်အတွင်း ရာသီသွေး ဆင်းချိန် မမှန်ပါက ဆရာဝန်နှင့် တိုင်ပင်သင့်သည်။ ရာသီသွေးဆင်းချိန် မမှန်ခြင်းသည် တခါတရံ အခြားသော အကြောင်းပြချက်များ (ဥပမာ - ရောဂါပိုးဝင်ရောက်ခြင်း) ကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်ပါက ကုသမှုခံယူရန် လိုအပ်သည်။

သားဆက်ခြားထိုးဆေးများတွင် ဘေးထွက်ဆိုးကျိုးရှိသလား?

ရာသီသွေးပေါ်ချိန် မမှန်သည်မှလွဲ၍ အခြားသော ဘေးထွက်ဆိုးကျိုးများမှာ ဖြစ်ခဲသည်။ အကယ်၍ ဘေးထွက်ဆိုးကျိုး တစ်ခု (သို့) တစ်ခုထက်ပို၍ ဖြစ်ပေါ်မည်ဆိုပါကလည်း ၂ လခန့်ကြာပြီးနောက် အလိုအလျောက် ပြန်ပျောက်သွားတတ်သည်။ အခြားသော ဖြစ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများမှာ ကိုယ်အလေးချိန်တက်လာခြင်းဖြစ်သည်။ အချို့သော အမျိုးသမီးများတွင်  ခန္ဓာကိုယ်ဖောရောင်ခြင်း ၊ ၀က်ခြံများပေါက်လာခြင်း ၊ ခေါင်းကိုက်ခြင်းနှင့် ရင်သားတင်းခြင်းတို့ ဖြစ်နိုင်သည်။ သို့သော် သားဆက်ခြားထိုးဆေးသည် အထက်ပါ ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေသည်ဟု ထောက်ခံထားသော သုတေသန လေ့လာထားမှု အနည်းငယ်သာရှိသည်။

သားဆက်ခြားထိုးဆေးကို ရပ်တန့်သည့် အဓိကအကြောင်းပြချက်မှာ ရာသီသွေးဆင်းချိန် မမှန်ခြင်းကြောင့် ဖြစ်သည်။

သားဆက်ခြားထိုးဆေးသည် အရိုးပါးခြင်းကို ဖြစ်စေနိုင်သည်။ အရိုးပါးခြင်းကြောင့် မည်သည့်ပြဿနာကိုမျှ မဖြစ်ပေါ်စေသော် လည်း ဆေးထိုးခြင်းကို ရပ်တန့်လိုက်ပါက ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသည်။ သားဆက်ခြားထိုးဆေးကို နှစ်ပေါင်း များစွာ အသုံးပြုပါက အရိုးပါးခြင်းကို ပိုဖြစ်စေနိုင်သည်။ ထို့ကြောင့် ၂ နှစ်လျှင် ၁ ကြိမ် ဆရာဝန်နှင့် ပြသ၍ စမ်းသပ်မှုများ ခံယူ ပြီး ထိုသားဆက်ခြားသည့် နည်းလမ်းသည် လူနာအတွက် အကောင်းဆုံးနည်းလမ်း ဟုတ်မဟုတ် အကြံပြုချက် တောင်းခံပါ။

ဆေးထိုးခြင်းကြောင့် ဆေးထိုးသည့် နေရာတွင် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းများကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ဆရနာ ပရက်စ် (Sayana Press®) ကြောင့် ဖြစ်နိုင်သည်။ သို့သော် အလွန် ဖြစ်ခဲသည်။ အကယ်၍ ဆေးထိုးသည့် နေရာတွင် ထိုလက္ခဏာများဖြစ်ပေါ်နေပါက ဆရာဝန်နှင့် ပြသရန် လိုအပ်သည်။

မည်သူတို့တွင် သားဆက်ခြားထိုးဆေး မသုံးသင့်သလဲ?

အမျိုးသမီးအများစုသည် သားဆက်ခြားထိုးဆေးကို အသုံးပြုနိုင်သည်။ ဆရာဝန်များနှင့် ဆေးထိုးမည့် အမျိုးသမီးများသည် ယခင်ကဖြစ်ခဲ့ဖူးသော ရောဂါများနှင့် ယခုဖြစ်နေသော ရောဂါများအကြောင်းကို ဆွေးနွေးရန် လိုအပ်သည်။ ဥပမာ - မကြာမှီ က ရင်သားကင်ဆာဖြစ်ခဲ့ဖူးလျှင် (သို့) အသည်းရောင်အသားဝါရောဂါရှိသူဖြစ်လျှင် ထိုသူများတွင် ဆေးမထိုးသင့်ပေ။

အကယ်၍ အရိုးပါးရန် အခွင့်အလမ်းများသူဖြစ်ပါက အခြားသော သားဆက်ခြားသည့် နည်းလမ်းကို အသုံးပြုရန် လိုအပ်သည်။ အရိုးပါးနိုင်သည့် အန္တရာယ်ရှိသူများတွင်

·         အလွန်အမင်း လေ့ကျင့်ခန်းလုပ်ခြင်း ၊ အလွန်ပိန်ခြင်း အစားအသောက်နှင့် ပတ်သက်သည့် စိတ်ရောဂါရှိခြင်းကြောင့် ရာသီသွေး ၆ လ (သို့) ၆ လကျော် ပျောက်နေသူများ။

·         အရက်အလွန်အကျွံသောက်သူများ။

·         မျိုးရိုးထဲတွင် အရိုးပါးသည့် ရာဇာဝင်ရှိသူများ ဖြစ်သည်။

သားဆက်ခြားထိုးဆေးကို မည်ကဲ့သို့ ထိုးနိုင်သနည်း?

ဆေးကို ကြွက်သားများအတွင်းသို့ ထိုးရသည်။ အထူးသဖြင့် တင်ပါး ၊ ပေါင်နှင့် ၀မ်းဗိုက်အတွင်းသို့ ထိုးနိုင်သည်။ ကိုယ်ဝန် ဆောင်မိခင်များတွင် သားဆက်ခြားဆေး မထိုးရပါ။ ထို့ကြောင့် ဆေးမထိုးမှီ ကိုယ်ဝန်ရှိ ၊ မရှိ စစ်ဆေးရန်မှာ အရေးကြီး ပေသည်။

ထိုအကြောင်းပြချက်များကြောင့် ပထမဆုံးအကြိမ် သားဆက်ခြားထိုးဆေးကို ရာသီသွေးစဆင်းသည့် ပထမရက်မှ ၅ ရက်အတွင်း ထိုးလေ့ရှိသည်။ ထိုရက်များအတွင်း သားဆက်ခြားဆေး ထိုးပါက ဆေးအာနိသင် ချက်ခြင်း သက်ရောက်သည်။  နောက်ဆေးများကို မိမိထိုးသည့် ဆေးအမျိုးအစားပေါ်မူတည်ပြီး ၈ ပတ်မှ ၁၃ ပတ်ခွာထိုးနိုင်သည်။ အကယ်၍ ရာသီသွေး ဆင်း သည့် ပထမရက်မှ ၅ ရက်အတွင်း ဆေးမထိုးဖြစ်ပါက မည်သည့်အချိန်တွင်မဆို ဆေးထိုးနိုင်သည်။ သို့သော် ဆေးမထိုးမှီ ကိုယ်ဝန်ရှိ ၊ မရှိစစ်ဆေးရန်မှာ အရေးကြီးပြီး ကိုယ်ဝန်မရှိမှသာ ဆေးထိုးနိုင်သည်။ ဆေးထိုးပြီးနောက် ၇ ရက်အတွင်း လိင်ဆက်ဆံပါက ကွန်ဒုံးအသုံးပြုရန် လိုအပ်သည်။

ဆရနာ ပရက်စ် (Sayana Press®) အမည်ရှိ ထိုးဆေးသည် မိမိကိုယ်တိုင် ထိုးနိုင်သော ဆေးဖြစ်သည်။ ဆရာဝန်များမှ ထို ဆေးကို မည်ကဲ့သို့ ထိုးရမည်ကို သင်ပေးလိမ့်မည်။

ဆရာဝန်ထံတွင် သားဆက်ခြားဆေးထိုးပေးပါက မည်သည့်အချိန်တွင် နောက်တစ်လုံး ထိုးရမည်ဖြစ်ကြောင်းကို ရှင်းပြလိမ့် မည်။ ဆေးကို သတ်မှတ်ရက်ထက် ၂ ပတ်အထိ စော၍ ထိုးနိုင်သည်။ ဥပမာ - နောက်ဆေးထိုးရမည့် ရက်သည် အားလပ်ရက် ခရီးထွက်မည်နှင့် တိုက်နေပါက အချိန်စော၍ ထိုးနိုင်သည်။

မှတ်ချက်။       ။ အကယ်၍ သတ်မှတ်ရက်ထက် နောက်ကျပြီးမှ ထိုးပါက ကိုယ်ဝန်တားဆီးနိုင်ခြင်းကို ဆုံးရှုံးလိမ့်မည်။

သတိပြုရန်

အထက်တွင် ဖော်ပြထားသော အချက်အလက်များမှာ မိမိတို့ကိုယ်တိုင် ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသ ခြင်းများ ပြုလုပ်ရန်အတွက် မဟုတ်ပဲ မိမိတွင် ဖြစ်ပေါ်နေသောရောဂါအခြေအနေ များကို စောလျင်စွာ သတိထားမိစေရန် နှင့် ကျန်းမာရေးဗဟုသုတများ တိုးပွားစေရန်သာ ရည်ရွယ်ပါသည်။ ရောဂါရှာဖွေခြင်းနှင့် ဆေးဝါးကုသခြင်းများကိုမူ တတ်သိကျွမ်းကျင်သော ဆရာဝန်များနှင့်သာ တိုင်ပင်ပြသ၍  ကုသမှုခံယူသင့် ပါသည်။

www.myanmarhealthcentre.com

 မွေးကျွတ်နာပေါက်တယ်ဆိုတာ

** မွေးကျွတ်နာပေါက်တယ်ဆိုတာ **
----------------------

ဒီဆောင်းပါးမှာပါဝင်တဲ့ခေါင်းစဉ်တွေကတော့

1. မွေးကျွတ်နာဆိုတာဘာလဲ

2. မွေးကျွတ်နာဖြစ်စေသော အကြောင်းအရင်းများ

3. မွေးကျွတ်နာ၏ ရောဂါလက္ခဏာများ

4. ဘယ်အချိန်မှာ ဆေးကုသမှု ခံယူသင့်သလဲ

5. စစ်ဆေးခြင်း

6. အိမ်တွင်းကုထုံးများ

7. ဆေးဝါးကုထုံးများ

8. မွေးကျွတ်နာမဖြစ်အောင် ကာကွယ်ခြင်း တို့ဖြစ်ပါတယ်။

``````````````````````````````````
>> မွေးကျွတ်နာဆိုတာဘာလဲ

မွေးညင်းပေါက် (သို့) အဆီဂလင်းလေးတွေမှာ ပိုးဝင်ပြီး အနာဖြစ်တာကို မွေးကျွတ်နာလို့ ခေါ်ပါတယ်။ စဖြစ်ခါစမှာ နီလာပြီးတော့ နောက်မှ အဖု ဖြစ်လာပါတယ်။ 4 ရက်ကနေ 7 ရက်လောက် ကြာတဲ့အခါ အရေပြားအောက်မှာ ပြည်တွေ စုလာတဲ့အတွက် အဖြူရောင် ဖြစ်လာပါတယ်။

မွေးကျွတ်နာတွေက မျက်နှာ၊ လည်ပင်း၊ ချိုင်း၊ ပုခုံးနဲ့ တင်ပါးတွေမှာ အဖြစ်များပါတယ်။ မျက်ခွံပေါ်မှာပေါက်ရင် မျက်စိစွံတယ်လို့ ခေါ်ပါတယ်။

မွေးကျွတ်နာတွေ အစုလိုက် ပေါက်တာကတော့ ပိုပြီးပြင်းထန်တဲ့ရောဂါပိုး ဝင်ရောက်မှုကြောင့်ဖြစ်ပြီး အနာပဆုပ်လို့ ခေါ်ပါတယ်။

>> မွေးကျွတ်နာဖြစ်စေသော အကြောင်းအရင်းများ

Staphylococcus ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် အဖြစ်များပါတယ်။ ဒီပိုးတွေက အရေပြားမှာရှိတဲ့ အပေါက် (သို့) အက်ကွဲရာ သေးသေးလေးတွေကနေမှတစ်ဆင့် ခန္ဓာကိုယ်ထဲ (သို့) ဆံပင်ကနေမှတစ်ဆင့် မွေးညှင်းပေါက်ထဲကို ဝင်ရောက်လာပါတယ်။ အောက်ပါအခြေအနေတွေကြောင့် အရေပြားရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။

• ဆီးချိုရောဂါ

• ခုခံအားဆိုင်ရာရောဂါများ

• အာဟာရ ချို့တဲ့ခြင်း

• တစ်ကိုယ်ရည် သန့်ရှင်းမှုမရှိခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းမှုမရှိခြင်း

• အရေပြားကို ထိခိုက်စေနိုင်သော ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း

>> မွေးကျွတ်နာ၏ ရောဂါလက္ခဏာများ

ပထမဆုံး နီရဲပြီး နာတဲ့ လက်မဝက်လောက် အဖုမာမာလေး အရေပြားမှာ စပြီးထွက်လာပါတယ်။ နောက် ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ ဒီအဖုလေးက ပျော့လာတယ် ပိုကြီးပြီးတော့ ပိုနာလာပါတယ်။ မကြာခင်မှာပဲ အဖုထိပ်လေးစူပြီး ပြည်တည်လာပါတယ်။ ရောဂါပိုး ဝင်တာပိုဆိုးရင်တော့ အောက်ပါလက္ခဏာတွေ တွေ့ရပါတယ်။

• မွေးကျွတ်နာပတ်လည်က အရေပြားမှာပါ ရောဂါပိုးဝင်ပြီး အရေပြားက ပူလာ၊ နီလာ၊ နာလာပြီး ရောင်လာပါတယ်။

• ပထမပေါက်တဲ့ မွေးကျွတ်နာပတ်လည်မှာပဲ မွေးကျွတ်နာတွေ ထပ်ပေါက်လာပါတယ်။

• ဖျားမယ်။

• အကြိတ်တွေ ကြီးလာမယ်။

>> ဘယ်အချိန်မှာ ဆေးကုသမှု ခံယူသင့်သလဲ?

• စပြီး ဖျားလာခြင်း

• အကြိတ်များ ကြီးလာခြင်း

• မွေးကျွတ်နာပတ်လည်မှ အရေပြားများ နီလာခြင်း

• အလွန်အမင်းနာခြင်း

• ပြည်ပေါက်မထွက်ခြင်း

• မွေးကျွတ်နာဘေးမှာ နောက်ထပ်တစ်လုံး ထပ်ပေါက်ခြင်း

• နှလုံး အသံမမှန်ခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ခုခံအားစနစ်ဆိုင်ရာ ပြဿနာရှိခြင်း၊ ခုခံအား ကျဆင်းစေသောဆေးများ သောက်နေရခြင်း (ဥပမာ - စတီးရွိုက်ဆေးများ၊ ကင်ဆာဆေးသွင်း ကုသခြင်း) စတဲ့ ရောဂါရှိသူတွေမှာ မွေးကျွတ်နာဖြစ်ခြင်း

• ပုံမှန်အားဖြင့်တော့ မွေးကျွတ်နာက အရေးပေါ်အခြေအနေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေး မကောင်းဘူး (သို့) ချမ်းတုန်ဖျားလာတယ် ဆိုရင်တော့ အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

>> စစ်ဆေးခြင်း

ဆရာဝန်တွေက အနာကိုကြည့်ပြီး ရောဂါကို သတ်မှတ်နိုင်ပါတယ်။

>> အိမ်တွင်းကုထုံးများ

• အဖုကို ရေနွေးဝတ်နဲ့ ကပ်ပေးခြင်းက အနာသက်သာစေပြီး ပြည်တွေအပေါ်ကို စုလာစေပါတယ်။ ဒီပြည်တွေအပေါ်ကို စုလာပြီဆိုရင် ရေနွေးဝတ်နဲ့ ထပ်ခါထပ်ခါ ကပ်ပေးခြင်းအားဖြင့် အနာစဖြစ်ပြီး 10 ရက်လောက်အတွင်းမှာပဲ ပြည်တွေ ပေါက်ထွက်သွားပါလိမ့်မယ်။ ရေနွေးထဲမှာ လျှော်ပြီးသား အဝတ်သန့်သန့်လေးကိုနှစ်ကာ ရေညှစ်ထုတ်ပြီး အနာပေါ် ကပ်ပေးနိုင်ပါတယ်။

• ပြည်ပေါက်ထွက်တဲ့အခါမှာ ပြည်တွေ အကုန်ထွက်သွားသည်အထိ ပိုးသတ်ဆပ်ပြာနဲ့ ဆေးပြီးနောက် အရက်ပြန်နဲ့ ပွတ်တိုက်ပါ။ ပြီးနောက် ပိုးသတ်ဆေးပါတဲ့ လိမ်းဆေးလိမ်းပြီး ပတ်တီးစီးထားပေးပါ။ အနာကို တစ်နေ့ 2-3 ကြိမ်လောက် ဆေးပြီး အနာကျက်သည်အထိ ရေနွေးဝတ် ကပ်ပေးပါ။

• မွေးကျွတ်နာကို အပ်နဲ့ ထိုးဆွပါက ရောဂါပိုးဝင်တာ ပိုဆိုးစေနိုင်တဲ့အတွက် အပ်နဲ့ထိုးဆွခြင်း လုံးဝမပြုပါနဲ့။

>> ဆေးဝါးကုထုံးများ

ရောဂါပိုးဝင်တာ ဆိုးရွားရင်တော့ သွေးစစ်ကြည့်ဖို့ လိုပါတယ်။ လိုအပ်ပါက ဆရာဝန်က ပိုးသတ်ဆေးသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။ ပြည်ကိုယူပြီး အကောင်ဖောက်ကာ သင့်တော်တဲ့ ပိုးသတ်ဆေးလည်း ပေးနိုင်ပါတယ်။ ပြည်ညှစ်ထုတ်ပြီးနောက်မှာလည်း တစ်နေ့ကို 2-3 ကြိမ်လောက် ဆေးကြောပြီး ပိုးသတ်ဆေး လိမ်းပေးဖို့ လိုပါတယ်။ အနာနေရာက နီလာရင် (သို့) ရောဂါပိုး နောက်ထပ်ဝင်တဲ့လက္ခဏာတွေ့ရင် ဆရာဝန်နဲ့ ပြန်ပြပါ။

>> မွေးကျွတ်နာမဖြစ်အောင် ကာကွယ်ခြင်း

• မွေးကျွတ်နာပေါက်တဲ့ မိသားစုဝင်ရဲ့ အဝတ်အစားများ၊ အိပ်ရာခင်းများ၊ ပုဝါများကို သေချာလျှော်ဖွတ်ပါ။

• အသေးစား အရေပြားအနာတွေကို သေချာ သန့်သန့်ရှင်းရှင်းထားပြီး ကုသပါ။

• တစ်ကိုယ်ရည် သန့်ရှင်းမှုရှိအောင် နေပါ။

• တတ်နိုင်သမျှ ကျန်းမာအောင် နေထိုင်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Monday, December 4, 2017

ကလေးနှင်းခူ (Baby Eczema)

ကလေးနှင်းခူ (Baby Eczema)

1. ကလေးငယ်တွေမှာဘာကြောင့်  နှင်းခူရောဂါဖြစ်ရသလဲ။

        ကလေးရဲ့ခန္ဓာကိုယ်မှ  ceramides  နည်းနည်းသာထုတ်နိုင်ခြင်းကြောင့်ဖြစ်ရတာပါ။  Ceramides ဆိုတာ အရေပြားကို အကာအကွယ်ပေးတဲ့အဆီဆဲလ်တွေဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ceramides အလုံအလောက်မရှိပါက အရေပြားမှာရေဓာတ်ဆုံးရှုံးကာ အသားခြောက်ခြင်းကိုဖြစ်စေပါတယ်။ မိဘမှာ နှင်းခူဖြစ်ဖူးပါက ကလေးမှာလည်းဖြစ်နိုင်ခြေများပါတယ်။  အရေပြားမှာအပြစ်အနာအဆာရှိသွားပြီး ပိုးဝင်သွားခြင်းကလည်း နှင်းခူဖြစ်စေတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။

2. ကလေးတွေမှာဖြစ်တဲ့ နှင်းခူက ဘယ်လိုပုံစံမျိုးလဲ။

        ကလေးငယ်တွေရဲ့ 10-15% မှာ နှင်းခူရောဂါကိုတွေ့ရပါတယ်။ အရေပြားခြောက်သွေ့ကာ ခန္ဓာကိုယ်မှာအနီရောင်အကွက်တွေအဖြစ်တွေ့ရပါတယ်။ အရေပြားအမြဲတမ်းယားယံကာ ကြမ်းတမ်းနေတတ်ပါတယ်။ ကလေးရဲ့ခန္ဓာကိုယ်တစ်လျှောက် မည်သည့်နေရာမှာမဆိုဖြစ်နိုင်ပြီး ပါးပြင်၊ ခြေ၊ လက် အဆစ်ပိုင်းနေရာတွေမှာ အဖြစ်များပါတယ်။

        နှင်းခူရောဂါကို အဆီလွန်ကဲအရေပြားရောင်ရမ်းခြင်း (seborrheic dermatitis) နဲ့ အမှတ်မှားတတ်ပါတယ်။ Seborrheic dermatitis ဟာ သိပ်နီမြန်းမှုမရှိဘဲ အကြေးခွံလန်အရေပြားမှာအကွက်လေးတွေဖြစ်ပြီး  နှာခေါင်းဘေး၊ မျက်ခွံ၊ ဦးရေပြား၊ မျက်ခုံး၊ နား အနောက်ဘက် မှာဖြစ်လေ့ရှိပါတယ်။

3. ဘယ်လိုအခြင်းအရာတွေက  နှင်းခူရောဂါကိုပိုဆိုးစေနိုင်သလဲ။

         အသားခြောက်ခြင်းက နှင်းခူဖြစ်နေသူကို ပိုယားယံစေသလို  သိုးမွေးထည်၊ ကလေးအတွက်သုံးတဲ့ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ခြင်းဖြစ်ပါက နှင်းခူကိုတိုးပွားစေနိုင်ပါတယ်။ ယားလို့ကုတ်လေ ပိုပွားလာလေဖြစ်တတ်ပါတယ်။ ပူအိုက်၊  ချွေးထွက်ခြင်းကြောင့်လည်း  နှင်းခူလက္ခဏာကို ပိုဆိုးစေနိုင်ပါတယ်။

4. ဘယ်လိုကုသပေးမလဲ။

         ခန္ဓာကိုယ်အစိုဓာတ်ထိန်းပေးဖို့လိုအပ်ပါတယ်။ ceramides ပါတဲ့ အစိုဓာတ်ထိန်းပစ္စည်းအမျိုးအစားရွေးချယ်တာ အကောင်းဆုံးဖြစ်ပြီး  fragrance- free cream၊  petroleum jelly  ကိုအသုံးပြုကာ  အစိုဓာတ်ထိန်းပေးလို့ရပါတယ်။ ကလေးကိုရေချိုးပေးပြီးတာနဲ့ချက်ချင်း  လိမ်းပေးဖို့လိုပါတယ်။

        ကြက်သီးနွေးရေနဲ့ ရေချိုးပေးပါ။   ကြက်သီးနွေးရေနဲ့ ရေချိုးပေးခြင်းကြောင့်  အရေပြားအေးမြစေပြီး ယားယံတာကိုသက်သာစေပါတယ်။ ဆရာဝန်နဲ့ သေချာပြသပြီးမှ ဟစ္စတာမင်းတားဆေး၊ စတီးရွိုက်ပါဝင်တဲ့လိမ်းဆေးတွေ သုံးနိုင်ပါတယ်။

5. နှင်းခူဖြစ်နေတဲ့ကလေးကို ဘယ်လိုပြုစုပေးသင့်သလဲ။

        ယားလို့ကုတ်ပါကပိုဆိုးစေနိုင်ပြီး ပိုးဝင်စေနိုင်တာကြောင့်  မကုတ်မိစေဖို့  ထိပ်ပိတ်လက်အိတ်ဝတ်ပေးတာ၊ အင်္ကျီလက်ရှည်ရှည်ဖားဖားဝတ်ပေးတာက  ကလေးအားမကုတ်မိစေဖို့  အဟန့်အတားတစ်ခုဖြစ်စေပါတယ်။  ကလေးလက်သည်းတွေကို ပုံမှန်ညှပ်ပေးထားရပါမယ်။  ပြုစုစောင့်ရှောက်ပေးရမယ့် နောက်ထပ်နည်းလမ်းလေးတွေလည်းရှိပါသေးတယ်။

-   ရေနွေးနွေးနဲ့ အချိန် 10 မိနစ်ကျော်လောက်ရေချိုးပေးပါ။  ကြက်သီးနွေးရေနဲ့ရေချိုးပေးခြင်းကြောင့် ယားယံတာသက်သာစေပြီး  အရေပြားရှိအဆီဓာတ်ကိုလည်းထိန်းပေးပါတယ်။  အုတ်ဂျုံမှုန့်ထည့်ပြီးရေချိုးပေးပါက ပိုကောင်းပါတယ်။

-   ကလေးအသုံးအဆောင်ပစ္စည်းတွေကို နူးညံ့တဲ့အမျိုးအစားထဲမှ ရွေးဝယ်သုံးပေးပါ။

-   သန့်ရှင်းမှုမရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းနေရာလောက်ကိုသာ  ဆပ်ပြာအသုံးပြုကာ သန့်စင်ပေးသင့်ပါတယ်။

-   ရေခြောက်အောင်အ၀တ်သန့်သန့်နဲ့  ဖွဖွတို့သုတ်ပေးသင့်ပါတယ်။

-   ကလေးအရေပြားစိုစိုစွတ်စွတ်လေးဖြစ်နေချိန်မှာ  အစိုဓာတ်ထိန်းပေးရပါမယ်။

-   အ၀တ်အစားပွပွ ချောင်ချောင်ကို ၀တ်ပေးသင့်ပြီး  ကလေးကိုသန့်ရှင်းရေးလုပ်ပြီးချိန်တိုင်း ၀တ်ပေးရမယ့်အ၀တ်အစားက လျှော်ဖွတ်၊  မီးပူတိုက်ပြီးသား သန့်ရှင်းစင်ကြယ်တဲ့အ၀တ်ဖြစ်ရပါမယ်။

-   ကလေးအ၀တ်အစားကိုလျှော်ရာမှာလည်း   အပျော့စားဆပ်ပြာ ဒါမှမဟုတ် ဆပ်ပြာမှုန့်ကိုသုံးရမှာဖြစ်ပြီး အမွှေးရနံ့စူးလွန်းဆပ်ပြာရည်မျိုး အသုံးမပြုသင့်ပါဘူး။

-   အ၀တ်အစား ထူထူတွေဝတ်ပေးတာ၊  စောင်အထပ်ထပ်ခြုံပေး တာကို ရှောင်ကျဉ်သင့်ပါတယ်။ ကလေးမှာပူအိုက်ပြီး ချွေးထွက်ပါက နှင်းခူပွားစေနိုင်တာကြောင့်ပါ။

6. ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်ပြသင့်သလဲ။

         ကလေးမှာနှင်းခူဖြစ်နေတယ်လို့ တထစ်ချမှတ်ယူပြီး နှင်းခူပျောက်တဲ့ဆေးတွေဝယ်ပြီး မှန်းဆမကုသသင့်ပါ။ မိမိကလေးရဲ့အသားပေါ်မှာ အနီကွက်တစ်ခုခုပေါ်လာတဲ့အခါ ဆရာဝန်နဲ့ပြသကာမည်သည့်ရောဂါဖြစ်နေကြောင်း ရောဂါသေချာသိရှိမှ  ကုသမှုစတင်တာ  စိတ်အချရဆုံးနည်းလမ်းဖြစ်ပါတယ်။

         တကယ်လို့နှင်းခူရောဂါဖြစ်နေတယ်ဆိုပါက ကလေးကို မျက်ခြည်မပြတ်ဂရုစိုက်စောင့်ရှောက်ပေးဖို့ လိုပါတယ်။  Hydrocortisone cortisone cream လိမ်းသော်လည်း မသက်သာလျှင်၊ ပြည်ရှိတဲ့ အရည်ကြည်ဖုလေးတွေ နှင်းခူအပေါ်မှာထွက်လာလျှင်၊ သင့်ကလေးက အနာရှိသူတစ်စုံတစ်ယောက်နဲ့ သွားထိမိတယ်ဆိုလျှင် ဆရာဝန်ပြဖို့လိုအပ်ပါပြီ။



Cho Thet
www.drmyanmar.com

အရေးပေါ်တားဆေးက ကိုယ်ဝန်မရအောင် ဘယ်လို ကာကွယ်ပေးတာလဲ။

အရေးပေါ်တားဆေးက ကိုယ်ဝန်မရအောင် ဘယ်လို ကာကွယ်ပေးတာလဲ။

*********************************************************

ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသားနဲ့ အတူတူနေတာနဲ့ ချက်ခြင်းရတာမဟုတ်ပါဘူး။ ဒါကြောင့်မို့ အတူနေပြီး ရက်အနည်းငယ်အတွင်းမှာ ကိုယ်ဝန်မရအောင် တားလို့ ရနိုင်တာပါ။ အားလုံးက အချိန်မှီ၊ အချိန်ကိုက် ဖြစ်နေဖို့ အရေးကြီးပါတယ်။
.

အတူနေပြီးနောက် အမျိုးသားရဲ့ သုတ်ပိုးက အမျိုးသမီးရဲ့ ကိုယ်ထဲမှာ  ခြောက် ရက်လောက်အထိ အသက်ရှင်နိုင်ပါတယ်။ အကယ်၍ ဒီ ခြောက်ရက်အတွင်းမှာ သားဥကြွေခဲ့ရင် သုတ်ပိုးနဲ့ သားဥပေါင်းပြီး သန္ဓေသားလောင်းလေးအဖြစ် သားအိမ်နံရံမှာ တွယ်ကာ တဖြည်းဖြည်းနဲ့ ကြီးလာပါမယ်။ ဒါကို ကိုယ်ဝန်ရှိတယ်လို့ခေါ်တာပါ။
.

အရေးပေါ်တားဆေးကမမျိုးဥကနေ သားဥမကြွေအောင် ဟန့်တားပေးပါတယ်။ အကယ်၍သာ သားဥကြွေပြီးဖြစ်ရင်တော့ သုတ်ပိုးနဲ့ သားဥလေးနဲ့ မပေါင်းနိုင်အောင် ဟန့်တားပေးနိုင်စွမ်း က တနေ့တလုံးသောက်ဆေးတွေလောက် အာနိသင်မရှိပါဘူး။ ရာသီခွင်ရဲ့ ဘယ်ရက်မှာဆေးသောက်လဲ ဆိုတာရယ်၊ အတူနေပြီး ဘယ်လောက်မြန်မြန်ဆေးသောက်ဖြစ်လဲ ဆိုတာတွေက ကိုယ်ဝန်မရအောင် ဘယ်လောက်ထိ ကာကွယ်ပေးနိုင်လဲဆိုတာကို ဆုူံးဖြတ်ပေးတဲ့ အရေးကြီး အချက်တွေဖြစ်သွားပါတယ်။
.

အဲဒါကြောင့် အရေးပေါ်တားဆေးကို အရေးပေါ် အခြေအနေမှသာသုံးသင့်ပါတယ်။ မကြာခဏ အတူတူနေဖြစ်မယ့် အခြေအနေမျိုးရှိရင်/ သုံးလေးရက်ဆက်တိုက်အတူနေပြီး အရေးပေါ်တားဆေးပဲ တနေ့ပြီးတနေ့ သောက်နေတာမျိုးက မလုပ်သင့်ပါဘူး။ ပုံမှန်သန္ဓေတားနည်းတမျိုးမျိုး (ဥပမာ နေ့စဉ်သောက်တားဆေး၊ သုံးလခံထိုးဆေး၊ ကွန်ဒုံး၊ သားအိမ်ထဲထည့် ပစ္စည်း၊ လက်မောင်းအရေပြားအောက် ထည့်ပစ္စည်း) ကို သုံးဖို့ တိုက်တွန်းချင်ပါတယ်။

.
နောက်တခုရှင်းပြချင်တာက အရေးပေါ်တားဆေးက တချို့တွေ အမှတ်မှားနေသလို ကိုယ်ဝန်ဖျက်ချတဲ့ဆေး မဟုတ်ပါဘူး။  အကယ်၍သာ ဆေးသောက်တဲ့ အချိန် နောက်ကျလို့ သားလောင်းလေးက သားအိမ်နံရံမှာ တွယ်ကပ်ပြီးသား ဖြစ်ရင်တော့ (ကိုယ်ဝန်ရှိနေပြီလို့ဆိုလိုတာပါ)  ကိုယ်ဝန်ဆက်ရှိသွားမှာဖြစ်သလို ဆေးကြောင့် သန္ဓေသားလောင်းပေါ်မှာ ထိခိုက်မှု မဖြစ်စေပါဘူး။
.

References:

1. WHO: Family Planning, Global Handbook for providers 2011 update

2. Emergency Contraception_How do you take EC. Family Planning NSW Fact Sheet. NSW. Australia.

3. Emergency Contraception (Morning after pill and IUD) NHS Choices Health A-Z. Contraceptive Choices. UK.

#mate #ECpills #OCpills #အရေးပေါ်တားဆေး #ဆေးကဒ် #တားဆေး #စိတ်ချ #ကိုယ်ဝန် #ကိုယ်ဝန်တား #သန္ဓေတား  #ကဒ်ဆေး #တားဆေးကဒ်

Sunday, December 3, 2017

သုတ်ရည်ပြင်ပထုတ်လွှတ်နည်း

သုတ်ရည်ပြင်ပထုတ်လွှတ်နည်း

သုက်ကောင်များမိန်းမကိုယ်ထဲသို့ဝင်ရောက်ခြင်းမှရှောင်ကြဉ်ရန်သုတ်ရည်မထုတ်ခင် လိင်တံကိုရုပ်သိမ်းထားရပါမယ်။
စနစ်ကျကျအသုံးပြုပါက ၇၃% သက်ရောက်မှုရှိပြီးပြည့်စုံစွာအသုံးပြုပါက ၉၆%  အကျိုးသက်ရောက်မှုရှိပါတယ်။
အချိန်တိုင်းပြီးပြည့်စုံစွာလုပ်ဆောင်ရန်ခက်ခဲပါတယ်။
လိင်ဆက်ဆံရာကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုမကာကွယ်နိုင်ပါ။
ဟော်မုန်းမပါ၊ပစ္စည်းကိရိယာမပါဝင်ပါ။

သုက်ရည်ပြင်ပထုတ်လွှတ်နည်းဆိုတာဘာလဲ

သုက်ရည်ပြင်ပထုတ်လွှတ်နည်းကိုဒီကစုံတွဲတွေအရမ်းသုံးကြပါတယ်။လိင်ဆက်ဆံနေစဉ်အမျိုးသားသည်အမျိုးသမီးမိန်းမကိုယ်နဲ့ဝေးရာပြင်ပမှာသုက်ရည်စွန့်ထုတ်ဖို့ကြိုးစားလိမ့်မယ်။သုက်ကောင်က သားဥနဲ့မတွေ့တော့သန္ဓေအောင်ခြင်းကတားဆီးပြီးသားဖြစ်သွားပါတယ်။

ဒီနည်းကိုစနစ်ကျကျအသုံးပြုပါကအရမ်းထိရောက်မှုမရှိပါ။တစ်နှစ်မှာစုံတွဲ၁ဝဝမှာ၂၇ယောက်လောက်ကကိုယ်ဝန်ရနိုင်ပါတယ်။သုက်ရည်ပြင်ပထုတ်လွှတ်နည်းကလုပ်ဖို့အလွန်ခက်ခဲပြီးအချိန်တိုင်းမှန်မှန် ကန်ကန်လုပ်ရင်အမျိုးသမီး၁ဝဝမှာ၎ယောက်က တစ်နှစ်မှာကိုယ်ဝန်ရနိုင်ပါတယ်။



ဘယ်လိုလုပ်ဆောင်ပါသလဲ

သုက်ရည်ပြင်ပထုတ်လွှတ်နည်းသည်မိန်းမကိုယ်တွင်းသို့သုက်ကောင်များဝင်ရောက်ခြင်းကို ထိန်းပေးခြင်းဖြင့်ကိုယ်ဝန်ဆောင်မှုကိုကာကွယ်ပေးပါတယ်။ဆိုလိုတာကမိန်းမကိုယ်ထဲမှာသုက်ကောင်တွေမကျန်တာကိုပြောတာပါ။သုက်ကောင်မရှိရင်ကိုယ်ဝန်မရှိနိုင်ပါဘူး။

ကိုယ့်ကိုယ်ကိုချုပ်ထိန်းနိုင်အတွေ့အကြုံရှိပြီးယုံကြည်မှုရှိတဲ့စုံတွဲတွေဟာသုက်ရည်ပြင်ပ ထုတ်လွှတ်နည်းကိုပိုမိုထိရောက်စွာအသုံးပြုကြပါတယ်။သုက်ရည်ပြင်ပထုတ်လွှတ်နည်းကိုအသုံးပြုတဲ့အမျိုးသားတွေကသုက်ရည်ထုတ်တာကြာကြာမရပ်ဆိုင်းတဲ့အခါကာမစိတ်ကြွနေတဲ့အခါမျိုးတွေကိုသိရပါမယ်။သင့်အနေနဲ့ဒီလိုအချိန်တွေကိုတိတိကျကျမခန့်မှန်းနိုင်ရင်သုက်ရည်ပြင်ပထုတ်လွှတ်နည်းကထိရောက်မှုမရှိပါ။

အမျိုးသားအနေနဲ့အချိန်မီသုက်ရည်အပြင်ထုတ်ရင်တောင်မှကိုယ်ဝန်ဆောင်နိုင်ပါသေးတယ်။အချို့ ပညာရှင်တွေကကိုယ်ဝန်ရှိလာဖို့သုက်ရည်မထွက်မီအရည်ကြည်များကြိုထွက်ခြင်းကအရင်သုက်ရည် စွန့်ထုတ်ခြင်းမှကျန်နေတဲ့သုက်ကောင်တွေကိုသယ်ဆောင်နိုင်ပါတယ်။အမျိုးသားကနောက်တစ်ကြိမ်လိင်မဆက်ဆံခင်သုက်ရည်ထုတ်ပြီးကြားမှာဆီးသွားရင်ဆီးလမ်းကြောင်းမှာရှိတဲ့သုက်ကောင်ကိုရှင်းလင်းပေးပြီးသုက်ရည်ပြင်ပထုတ်လွှတ်ခြင်းရဲ့အကျိုးသက်ရောက်မှုကိုတိုးမြှင့်စေပါတယ်။

သုက်ရည်ပြင်ပထုတ်လွှတ်နည်းကလိင်ဆက်ဆံရာကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုမကာကွယ် နိုင်တာကိုမှတ်သားထားပါ။ရောဂါပိုးကူးစက်ခြင်းကိုယ်ဝန်ဆောင်ခြင်းရဲ့ဆိုးကျိုးတွေကိုလျော့ချရန် latexကွန်ဒုံး(သို့မဟုတ်)အမျိုးသမီးသုံးကွန်ဒုံးကိုအသုံးပြုပါ။
ဘယ်လိုအသုံးပြုရသလဲ

သုက်ရည်ပြင်ပထုတ်လွှတ်နည်းကအမျိုးသားတစ်ယောက်ရဲ့ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းပေါ်အပြည့်အဝမူတည်နေပါတယ်။သုက်ရည်မထုတ်ခင်သုက်ရည်ကိုပြင်ပစွန့်ထုတ်ပြီးမိန်းမအင်္ဂါစပ်မှဝေးရာမှာသုက်ရည်ကိုသေချာစွန့်ထုတ်ရပါမယ်။ဒါကြောင့်အမျိုးသားအနေနဲ့သူ့ရဲ့လိင်တုံ့ပြန်မှုပုံစံကိုနားလည်ဖို့တစ် ကယ်အရေးကြီးပါတယ်။ဒါပေမဲ့လက်တွေ့မှာဘာဖြစ်နိုင်မလဲ။အမျိုးသားကသူ့ရဲ့တုံ့ပြန်မှုကိုမှားပြီး တွက်ချက်မိရင်ဘာဖြစ်မလဲ။နှစ်ဦးစလုံးကကာမစိတ်ကြွနေတဲ့အချိန်ဘာမှမသိပဲမျက်ခြည်ပြတ်သွားရင်ဘာဖြစ်မလဲ။သုက်ရည်ပြင်ပထုတ်လွှတ်နည်းကိုသုံးတဲ့အခါဘာဖြစ်လာမလဲဆိုတဲ့မေးခွန်းတွေအများ ကြီးရှိပါတယ်။သုက်ရည်ပြင်ပထုတ်လွှတ်နည်းကဘာနည်းလမ်းမှမသုံးတာထက်တော့ပိုကောင်းပါတယ်။ဒါပေမဲ့ကိုယ်ဝန်မရဖို့အရမ်းပြင်းထန်နေရင်ဒါကအရမ်းစွန့်စားရာရောက်ပါတယ်။

အားသားချက်များ

လွတ်လွတ်လပ်လပ်ရှိပါတယ်။
အပြည့်အဝလုပ်ဆောင်မှသာလျှင်ထိရောက်မှုရှိပါတယ်။

အားနည်းချက်များ

စိတ်ချယုံကြည်လို့မရပါဘူး။
ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းအများကြီးလိုအပ်ပါတယ်။
လိင်ဆက်ဆံရာကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုမကာကွယ်နိုင်ပါ။
အတွေ့အကြုံမရှိသေးတဲ့လူပျိုဆိုရင်အချိန်တိုင်းအကောင်းမွန်ဆုံးဖြစ်အောင်စွမ်းဆောင်ဖို့ ခက်ခဲပါတယ်။
Sources:

http://bedsider.org/methods/withdrawal#side_effects_tab

https://www.plannedparenthood.org/learn/birth-control/withdrawal-pull-out-method

http://thiloyarmay.org/withdrawal/

ကြီးထွားဖွံ့ဖြိုးဆဲကလေးငယ်များ မဖြစ်မနေစားသုံးပေးသင့်သည့် အစားအသောက် (၁၀) မျိုး

ကြီးထွားဖွံ့ဖြိုးဆဲကလေးငယ်များ မဖြစ်မနေစားသုံးပေးသင့်သည့် အစားအသောက် (၁၀) မျိုး

အာဟာရမျှတ၍ ကျန်းမာရေးနှင့်ညီညွတ်မျှတသည့် အစားအစာများကို ဖွံ့ဖြိုးဆဲကလေးငယ်များအား ဂရုတစိုက်ကျွေးဖို့ရန် အင်မတန်ကို အရေးကြီးပါသည်။ ကလေးများလိုအပ်သည့် စွမ်းအင်ပမာဏနှင့် အာဟာများမှာ လူကြီးများနှင့် အထူးပင်ကွာခြားမှုရှိလှပါသည်။ ကြီးထွားဖွံ့ဖြိုးဆဲအဆင့်တွင် ကလေးများ၏ခန္ဓာကိုယ်မှာ တိကျမျှတသည့်ဗီတာမင်နှင့် သတ္တုဓာတ်များအထူးလိုအပ်သဖြင့် မိမိရင်သွေးငယ်များအား ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ဂရုတစိုက်ရွေးချယ်ကျွေးမွေးဖို့လိုအပ်ပါသည်။

ထို့ကြောင့် မည်သည့်အစားအစာများက ကြီးထွားဖွံ့ဖြိုးဆဲ ကလေးငယ်များ၏ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရန်အတွက် လိုအပ်သည့် အာဟာရဓာတ်များကို ပေးစွမ်းနိုင်မလဲဆိုတာ သိရှိစေရန် ဝေမျှပေးလိုက်ရပါတယ်။

၁။ နွားနို့

ကလေးငယ်များလိုအပ်သည့် ကယ်လ်စီယမ်နှင့် ဖော့စ်ဖောရက်စ်ဓာတ်ကြွယ်ဝစွာပါဝင်သည့် နွားနို့ကို မှန်မှန်မှီဝဲသောက်သုံးပေးပါက ခန္ဓာကိုယ်ရှိအရိုးများ၊ သွား နှင့် လက်သည်းများ သန်မာထွားကြိုင်းလာစေမှာဖြစ်ပါတယ်။ ထို့အပြင် ခန္ဓာကိုယ်ကြီးထွားရန်လိုအပ်သည့် ပရိုတင်း၊ ဇင့်၊ ဗီတာမင်အေ၊ ဗီတာမင်ဒီ အစရှိသည့် အာဟာရဓာတ်များလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

၂။ ကြက်ဥများ

ကြက်ဥတွင် ပရိုတင်းဓာတ်ပါဝင်မှု အထူးမြင့်မားသည့်အတွက် ကြီးထွားဖွံ့ဖြိုးဆဲကလေးငယ်များအတွက် အထူးသင့်တော်ပါတယ်။ မှတ်ဥာဏ်အားကောင်းမွန်စေရန်အတွက် လိုအပ်သည့် ဗီတာမင်ဘီဓာတ်များအပြင် အိုမီဂါသရီးအဆီဓာတ်များ၊ ဗီတာမင်ဒီ၊ ဖော့လစ်၊ ဇင့်၊ သံဓာတ် အစုံအလင်တို့လည်း ပေါင်းစပ်ပါဝင်ပါသေးတယ်။

၃။ ပန်းဂေါ်ဖီစိမ်း

ကယ်လ်စီယမ်ပြည့်ဝစွာပါဝင်သည့် ဟင်းသီးဟင်းရွက်များထဲတွင် တစ်ခုအပါဝင်ဖြစ်သည့် ပန်းဂေါ်ဖီစိမ်းသည် ဖွံ့ဖြိုးဆဲကလေးငယ်များအတွက် အင်မတန်မှ အထောက်အကူဖြစ်နိုင်ပါတယ်။ ဗီတာမင်ဘီအများအပြားပါဝင်သဖြင့် အစာခြေဖျက်စနစ်ကိုကောင်းမွန်စေကာ အာရုံကြောဖွဲ့စည်းမှုစနစ်ကို တိုးတက်စေပါတယ်။

၎။ ဘလူးဘယ်ရီသီးများ

အရသာရှိရုံသာမက အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်သည့် ဘလူးဘယ်ရီသီးများသည် အရွယ်အစားသေးငယ်သော်ငြားလည်း Antioxidant ကြွယ်ဝသောကြောင့် သင့်ခန္ဓာကိုယ်အား အန္တရာယ်ဖြစ်စေနိုင်သည့် အဆိပ်အတောက်များရန်မှ ကာကွယ်ပေးမှာဖြစ်ပါတယ်။

၅။ ဒိန်ချဉ်

ကယ်လ်စီယမ်၊ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိုတ်၊ ဗီတာမင်ဘီ၊ ဇင့်နှင့် ဖော့စ်ဖောရတ်စ်ပါဝင်သည့် ဒိန်ချဉ်ကိုမှန်မှန်စားသုံးပေးပါက ကျန်းမာကြံ့ခိုင်သည့်အရိုးနှင့်သွားများကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၆။ ကန်စွန်းဥ

မျက်လုံးအားကောင်းရန်အတွက် လိုအပ်သည့်ဓာတ်အများအပြားပါဝင်သည့် အသီးများထဲတွင်တစ်ခုအပါအ၀င်ဖြစ်ပြီး ချိုမြသည့်အရသာကြောင့် ကလေးများကြိုက်နှစ်သက်စွာစားသုံးနိုင်မှာဖြစ်ပါတယ်။

၇။ အုတ်ဂျုံများ

တနေ့တာအတွက်လိုအပ်သည့် အားအင်များကို ဖြည့်ဆည်းရန်အတွက် အကောင်းဆုံးသောမနက်စာများထဲတွင် အုတ်ဂျုံများလည်း အပါအ၀င်ဖြစ်ပါတယ်။ အုတ်ဂျုံများကို မနက်စာအနေဖြင့် စားသုံးကြသည့် ကလေးများသည် စာသင်ခန်းထဲတွင် ပိုမိုအာရုံစူးစိုက်နိုင်ကြောင်းကို သုတေသီများကဖော်ပြထားပါတယ်။

၈။ ဒိန်ခဲ

ဒိန်ခဲသည် အရည်အသွေးအထူးကောင်းမွန်ပြီး အလွယ်တကူအစာချေဖျက်နိုင်သည့်အတွက် အသားနေရာတွင် အစားထိုးစားသုံးနိုင်ပါတယ်။

၉။ ငါး

အဆီဓာတ်ပါဝင်မှုနည်းပါးကာ ပရိုတင်းဓာတ်၊ ဗီတာမင်ဘီ နှင့် သတ္တုဓာတ်များကြွယ်ဝသည့် ငါးကိုစားသုံးပေးခြင်းက ကလေးများအစာခြေဖျက်ရန်လွယ်ကူသလို အိုမီဂါသရီးအဆီဓာတ်က ဦးနှောက်မှတ်ဥာဏ်ဖွံ့ဖြိုးမှုနှင့် အမြင်အာရုံတိုးတက်စေရန်အတွက် ကူညီပေးနိုင်ပါတယ်။

၁၀။ ပဲများ

ပဲများတွင် အဆီ၊ ကယ်လိုရီနှင့် ဆိုဒီယမ်ပါဝင်မှုနည်းပါးသည့်အတွက် မှန်မှန်စားသုံးပေးပါက ကလေးများကို ဖျတ်လတ်တက်ကြွစေခြင်း၊ စိတ်ခံစားမှုအားကောင်းစေခြင်း၊ နှလုံးအားကောင်းစေ၍ ကျန်းမာကြံ့ခိုင်သည့်ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းထားနိုင်ခြင်း စသည့်ကောင်းကျိုးများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 MyStyle Myanmar


HIV ပိုးကူးစက်ခံနေရမှန်းဘယ်လိုသိနိုင်မလဲ

HIV ပိုးကူးစက်ခံနေရမှန်းဘယ်လိုသိနိုင်မလဲ

HIV ပိုးကူးစက်ခံရပြီးအစောပိုင်းကာလများတွင် အများစုသည် မည်သည့် ရောဂါလက္ခဏာမှ မခံစားရပဲ လူနည်းစုတွင်သာ မပြင်းထန်လှသော လက္ခဏာများတွေ့ရှိရတတ်ပါသည်။ HIV ပိုးကူးစက်ခံရခြင်းရှိမရှိ အသေချာဆုံးသော နည်းလမ်းမှာ ရောဂါပိုးရှိမရှိ သွေးစစ်ဆေးကြည့်ခြင်းပင် ဖြစ်ပါသည်။

HIV ပိုးရှိသူအများစုသည်မိမိတို့၏ အလုပ်နှင့် လူမှုပတ်ဝန်းကျင်တွင် ပုံမှန်အတိုင်း ကျန်းမာစွာနေထိုင်နိုင်ကြသည်။ သိသာထင်ရှားသော ရောဂါလက္ခဏာများလည်း ပြသချင်းမရှိပေ။ ထို့ကြောင့် HIV ပိုးရှိသူအများစုသည် မိမိ၌ ရောဂါပိုးရှိနေကြောင်း သတိပြုမိခြင်းမရှိပေ။

HIV ပိုးကူးစက်ခံရပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ကူးစက်ခံရသူတွင်အောက်ပါရောဂါလက္ခဏာများခံစားရတတ်သည်။

ကိုယ်ပူ၍ဖျားခြင်း
နုံးချိ ၍ခြေကုန်လက်ပန်းကျခြင်း
အရေပြားတွင်အနီရောင်အကွက်များထွက်ခြင်း
အကြိတ်များရောင်ရမ်းခြင်း
လည်ချောင်းနာခြင်း

ထိုလက္ခဏာအများစုသည် အခြားသော တုပ်ကွေး ကဲ့သို့ ရောဂါများနှင့် ဆင်တူရိုးမှားဖြစ်တတ်သည်။

ထို့နောက်နှစ်ပေါင်းများစွာကြာအောင် ရောဂါလက္ခဏာများတိမ်မြုပ်နေတတ်သည်။ ကိုယ်ခန္ဓာ၏ ခုခံအားစနစ် သိသာစွာယိုယွင်းပျက်စီးသောအဆင့် (AIDS) သို့ ရောက်သောအခါတွင်မူ

ကြာရှည်စွာဖျားခြင်း
နာတာရှည် ဝမ်းပျက်ခြင်း
ကိုယ်အလေးချိန်သိသာစွာကျဆင်းခြင်း
TB ရောဂါဖြစ်ပွားခြင်း
ခန္ဓာကိုယ်တွင်ရေယုန်စသော အနာများ မကြာခဏပေါက်ခြင်း
အာခံတွင်းနှင့် အစာရေမျို တွင် မှက်ခရုပေါက်ခြင်း စသည်တို့ဖြစ်ပွားလာတတ်သည်။

ရောဂါပိုးရှိနေပြီလို့ ဘယ်အချိန်မှာပြောမလဲ

အသေချာဆုံးမှာ ရောဂါပိုးရှိ မရှိ သွေးစစ်ဆေးကြည့်ခြင်း (HIV Antibody test) ဖြစ်ပါသည်။ ပိုးရှိကြောင်း အတည်ပြုရန် မတူညီသော test ၂ခု လိုအပ်သည်။ တစ်ကြိမ်စစ်ဆေးပြီးပိုးမရှိဟုအဖြေ ထွက်ပါက သေချာရန်အတွက် နောက်သုံးလအကြာတွင်နောက်ထပ်တစ်ကြိမ် သွေးစစ်ရန်လိုအပ်ပါသည်။

HIV ပိုးကူးစက်ခံရခြင်းမှ ကာကွယ်ရန်နည်းလမ်းများမှာ

လိင်ဆက်ဆံရာမှ ကူးစက်နိုင်သောရောဂါဖြစ်သဖြင့် လိင်ဆက်ဆံဖော်များလေ၊ ရောဂါကူးစက်ခံရနိုင်ခြေ များလေ ဖြစ်ပါသည်။အိမ်ထောင်ရှင်များ တစ်လင်တစ်မယားစနစ်ကိုကျင့်သုံးပြီး မိမိ၏ အိမ်ထောင်ဘက်အပေါ် သစ္စာစောင့်ထိန်းခြင်းဖြင့် အကောင်းဆုံးကာကွယ်နိုင်ပါသည်။

လိင်ဆက်ဆံစဉ် ကွန်ဒုံးကိုမှန်ကန်စွာ အသုံးပြု ခြင်းသည် HIV ရောဂါပိုးကူးစက်ခြင်းကို ထိရောက်စွာကာကွယ်နိုင်သည်။

မူးယစ်ဆေးဝါး အကြောတွင်းသို့ ထိုးသွင်းခြင်းသည် ရောဂါကူးစက်နိုင်ခြေ အလွန်မြင့်မားသဖြင့် လုံးဝရှောင်ကြဉ်သင့်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များ HIV ပိုးရှိမရှိ စစ်ဆေးခြင်းဖြင့် မိမိ၏ သန္ဓေသားသို့ ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်ပါသည်။

စာဖတ်သူပရိသတ်များအားလုံး HIV ပိုးကူးစက်ခြင်းမှ ကင်းဝေးပြီးအစဉ် ကျန်းမာကြပါစေ။
Dr.ANK

http://mydoctor.com.mm/how-can-u-know-you-have-infected-with-hiv-virus/

မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ

မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ  စာရေးသူ - ပစ်တိုင်းထောင် (ဆေးမန်း) ၁) မျက်ရည်ယိုဗုံး (Tear Gas) ဆိုတာ - Tear Gas ကို အထိကရုံး နှိမ်န...