Saturday, July 28, 2018

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ

Sexually Transmitted Infections (လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ)

လိင်မှတဆင့် ကူးစက်တတ်သောရောဂါဟူသည် အဘယ်နည်း။
လိင်ဆက်ဆံရာမှတဆင့် ကူးစက်တတ်သော ရောဂါများကို လိင်မှတဆင့် ကူးစက်တတ်သောရောဂါများဟု ခေါ်ဆိုပါသည်။

လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကို အခြားမည်ကဲ့သို့ ခေါ်ဆိုတတ်သေးသနည်း။
ကာလသားရောဂါ ၊ ဆီးပူညောင်းကျရောဂါ ၊ ဂနိုကျခြင်း ၊ ဆက်တန့်ထွက်ခြင်း စသဖြင့်လည်း ခေါ်ဆိုတတ်ကြသေးပါသည်။



လိင်မှတဆင့် ကူးစက်တတ်သောရောဂါ မည်မျှရှိသနည်း။
ဆစ်ဖလစ် (Syphilis) ကာလသားရောဂါ
ဂနိုရိယ (Gonorrhoea) ဆီးပူညောင်းကျရောဂါ
ကလိုင်မိုက်ဒီးယား (Chlamydia) ရောဂါ
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV)
အသည်းရောင် အသားဝါ ဘီ ရောဂါ (HBV)
အသည်းရောင် အသားဝါ စီ ရောဂါ (HCV)
လိင်အင်္ဂါ ကြွက်နို့ရောဂါ (Genital Warts)
သားအိမ်ခေါင်းကင်ဆာ ကနဦးအဆင့် (CA Cervix due to HPV)
တို့မှာ အဖြစ်များသော လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ကြပါသည်။



မည်သည့်အတွက်ကြောင့် လိင်မှတဆင့် ကူးစက်တတ်သောရောဂါ ဖြစ်ပွားရသနည်း။
ရောဂါရှိသူနှင့် အကာအကွယ် ကွန်ဒုံး မပါဘဲ လိင်ဆက်ဆံသဖြင့် ရောဂါကူးစက်ခံရကာ လိင်မှတဆင့် ကူစက်တတ်သောရောဂါများ ဖြစ်ပွားရခြင်း ဖြစ်ပါသည်။
လိင်ဆက်ဆံရာတွင် ပုံမှန်အတိုင်း လိင်ဆက်ဆံခြင်း ၊ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ၊ ပုံမှန်မဟုတ်သော စအိုဖြင့် လိင်ဆက်ဆံခြင်း ၊ လိင်ဆန္ဒအာသာဖြေသော အရုပ်ပစ္စည်းများဖြင့် လိင်ဆက်ဆံခြင်းတို့အားလုံးသည် အကြောင်းတိုက်ဆိုင်လျှင် ရောဂါကူးစက်ခံရတတ်ပါသည်။

လိင်မှတဆင့် ကူးစက်တတ်သောရောဂါ ရှိ/မရှိ မည်သို့ သိရှိနိုင်သနည်း။
သာမန်မျက်စိဖြင့်ကြည့်ရုံမျှဖြင့် ရောဂါကူးစက်ခံရမှု ရှိ/မရှိ မသိနိုင်ပါချေ။ စနစ်တကျသွေးစစ်ဆေးခြင်း ၊ သားအိမ်ခေါင်းကင်ဆာ ကနဦးအဆင့်အတွက် သားအိမ်ခေါင်းရည်ကြည်စစ်ဆေးခြင်း (pap smear) တို့ဖြင့် လိင်မျတဆင့်ကူးစက်တတ်သောရောဂါ ရှိ/မရှိကို လွယ်ကူစွာ သိရှိနိုင်ပြီ ဖြစ်ပါသည်။

လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ ရှိလာပါက မည်သည့် ရောဂါလက္ခဏာများ ပြတတ်သနည်း။
လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကူးစက်ခံရတိုင်း ရောဂါလက္ခဏာ မပြတတ်ပါ။ အချို့သော လိင်မှတဆင့် ကူးစက်တတ်သောရောဂါများမှာ မည်သည့် ရောဂါလက္ခဏာမျှမပြဘဲ ငုတ်နေတတ်ပြီး ရောဂါကြီးလာမှ ဘွားကနဲ ပေါ်လာတတ်ပါသည်။
ဆီးပူခြင်း ၊ ဆီးကျင်ခြင်း ၊ ဆီးသွားလျှင်နာကျင်ခြင်း ၊ ဆီးသွားလျှင် ပြည်ကဲ့သို့ အဖတ်များပါလာခြင်း (ညောင်းကျခြင်း) ၊ ပေါင်ခြံနှင့် လိင်အင်္ဂါတဝိုက်တွင် အဖုအပိမ့်များထွက်ခြင်း ၊ ပေါင်ခြံနှင့် လိင်အင်္ဂါတဝိုက်တွင် ယားယံခြင်း ၊ လိင်အင်္ဂါ / မိန်းမကိုယ်မှ မူမမှန် သွေးဆင်းခြင်း ၊ လိင်ဆက်ဆံလျှင် နာကျဉ်ခြင်း စသည်တို့မှာ အဖြစ်များသော လိင်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။

လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်တားဆီး၍ ရပါသလား။
လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကို မကူးစက်စေရန် အကောင်းဆုံးနည်းမှာ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှုဖြစ်သည့် ကွန်ဒုံးသုံး၍ လိင်ဆက်ဆံခြင်း ဖြစ်ပါသည်။ မိမိ၏ လိင်ဆက်ဆံဖော်တွင် လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ ရှိ/မရှိ သေချာစေရန် သွေးစစ်ဆေးသင့်ရန် လိုအပ်ပြီး သွေးစစ်ပြီးနောက်ပိုင်းတွင်လည်း တစ်လင်တစ်မယားစနစ်ဖြင့် သစ္စာရှိရှိ အတူပေါင်းသင်းနေထိုင်သွားရန် အထူးအရေးကြီးပါသည်။

လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကို ကုသ၍ ရပါသလား။
လိင်မှတဆင့် ကူးစက်တတ်သော ရောဂါအားလုံးကို ပျောက်ကင်းအောင် ကုသ၍ မရနိုင်ပါ။ အချို့ရောဂါများမှာ ပျောက်ကင်းအောင် မကုနိုင်သော်လည်း ခေတ်မီဆေးဝါးများဖြင့် ရောဂါပိုမဆိုးလာစေရန် ထိန်းထား၍ ရပါသည်။ လိင်မှတဆင့် ကူးစက်တတ်သောရောဂါ အမျိုးမျိုးရှိသည့်အတွက် သင့်တော်မှန်ကန်သော ကုသမှုရရှိနိုင်ရန် တတ်ကျွမ်းနားလည်သော ဆရာဝန်ဖြင့် စနစ်တကျ ကုသမှု ခံယူစေလိုပါသည်။
ဆစ်ဖလစ် (Syphilis) ကာလသားရောဂါ - (ကုသပျောက်ကင်းနိုင်ပါသည်။)
ဂနိုရိယ (Gonorrhoea) ဆီးပူညောင်းကျရောဂါ - (ကုသပျောက်ကင်းနိုင်ပါသည်။)
ကလိုင်မိုက်ဒီးယား (Chlamydia) ရောဂါ - (ကုသပျောက်ကင်းနိုင်ပါသည်။)
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV) - (ပျောက်ကင်းအောင် ကုသ၍မရပါ။ ခေတ်မီဆေးဝါးများဖြင့် ရောဂါပိုမဆိုးလာစေရန် ထိန်းသိမ်းကုသ၍ ရပါသည်။)
အသည်းရောင် အသားဝါ ဘီ ရောဂါ (HBV) - (ပျောက်ကင်းအောင် ကုသ၍မရပါ။ ခေတ်မီဆေးဝါးများဖြင့် ရောဂါပိုမဆိုးလာစေရန် ထိန်းသိမ်းကုသ၍ ရပါသည်။ ရောဂါမဖြစ်မီ ကာကွယ်ဆေးအပြည့်ထိုးခြင်းဖြင့် ကြိုတင်ကာကွယ် တားဆီးနိုင်ပါသည်။)
အသည်းရောင် အသားဝါ စီ ရောဂါ (HCV) - (လူတိုင်းပျောက်ကင်းအောင် ကုသ၍မရပါ။ ခေတ်မီဆေးဝါးများဖြင့် ရောဂါပိုမဆိုးလာစေရန် ထိန်းသိမ်းကုသ၍ ရပါသည်။ အချို့လူနာများ ပျောက်ကင်းအောင် ကုသပေး၍ရပါသည်။ ရောဂါအခြေအနေပေါ်တွင် မူတည်ပါသည်။)
လိင်အင်္ဂါ ကြွက်နို့ရောဂါ (Genital Warts) (ကုသပျောက်ကင်းနိုင်ပါသည်။)
သားအိမ်ခေါင်းကင်ဆာ ကနဦးအဆင့် (CA Cervix due to HPV) - (ရောဂါမဖြစ်မီ ကာကွယ်ဆေးအပြည့်ထိုးခြင်းဖြင့် ကြိုတင်ကာကွယ် တားဆီးနိုင်ပါသည်။ ရောဂါကို စောစီးစွာ သိရှိကုသနိုင်ပါက လုံးဝပျောက်ကင်းသည် အထိ ကုသ၍ရပါသည်။)

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများသည် မည်သည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေသနည်း။
မိမိသာရောဂါကူးစက်ခံရသည်သာမက မိမိချစ်ခင်မြတ်နိုးသော ဇနီး/ခင်ပွန်း နှင့် မိမိမျိုးဆက် ရင်သွေးများပါ ရောဂါကူးစက်ပြန့်ပွားစေနိုင်ပါသည်။ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများသည် ချက်ချင်းလက်ငင်း လူသေစေတတ်သောရောဂါများ မဟုတ်သော်လည်း ဘဝတလျှောက်လုံး တမြေ့မြေ့ခံစားနေရကာ မိမိနှင့်တကွ ပတ်သက်ဆက်စပ်နေသော ချစ်ခင်ရသူများကိုပါ ထိခိုက်ပျက်စီးစေသော ရောဂါများ ဖြစ်ကြပါသည်။

Ondr.co

Tuesday, July 17, 2018

အာသီးရောင်ခြင်း (Tonsilitis)

အာသီးရောင်ခြင်း (Tonsilitis)
=================
အာသီးရောင်ခြင်း (Tonsilitis) သည် ပုံမှန်အားဖြင့် ရက်အနည်းငယ်အကြာတွင် အလိုအလျောက် ပျောက်သွားကြသည်။ ရောဂါပိုးများ ပျောက်သွားသည်အထိ လက္ခဏာများ သက်သာစေရန် ကုသမှု ခံယူနိုင်သည်။ အကယ်၍ လက္ခဏာများသည် ပြင်းထန်ပါက (သို့) မပျောက်ဘဲ ဆက်ဖြစ်နေပါက ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

အာသီးဆိုတာဘာလဲ?
----------------------------
အာသီးကို နူးညံ့သော ဂလင်းတစ်သျှူးများဖြင့် ပြုလုပ်ထားပြီး ခန္ဓာကိုယ်၏ ခုခံအားစနစ်တွင် ပါဝင်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတစ်ဦးတွင် အာသီး ၂ လုံးပါရှိပြီး ပါးစပ်၏ အနောက်ဘက်တွင် တစ်ဘက်တစ်ချက်စီ၌ တည်ရှိသည်။

အာသီးရောင်ခြင်း (Tonsilitis) ဆိုတာဘာလဲ?
----------------------------
အာသီးရောင်ခြင်း (Tonsilitis) ဆိုသည်မှာ အာသီးတွင် ရောဂါပိုးများ ၀င်ရောက်ခြင်းကြောင့်ဖြစ်သည်။ အာသီးရောင်ခြင်းဖြစ်ပါ က လည်ချောင်းနာခြင်းသည် အဖြစ်များဆုံးသော လက္ခဏာတစ်ခုဖြစ်သည်။ ထို့အပြင် အာသီးနာနေသူတွင် ချောင်းဆိုးခြင်း ၊ ကိုယ်အပူချိန်မြင့်တက်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ နေမကောင်းဖြစ်ခြင်း ၊အစာမြိုသည့်အခါ နာခြင်း နှင့် လည်ပင်းရှိ ဂလင်းများ ရောင်ခြင်းတို့ ဖြစ်သည်။ အာသီးများသည် ရောင်ရမ်း၍ နီရဲနေတတ်သည်။ ပြည်များသည် အာသီးပေါ်တွင် အဖြူရောင် အစက်များဖြင့် တွေ့မြင်ရသည်။ လက္ခဏာများသည် ၂-၃ ရက်ကြာပြီးနောက် ပိုဆိုးလာတတ်ပြီး ၁ ပတ်အတွင်း တဖြည်းဖြည်း ပြန်ပျောက်သွားတတ်သည်။


အာသီးရောင်ခြင်း (Tonsilitis) သည် ကူးစက်ရောဂါဖြစ်သလား?
----------------------------
အာသီးရောင်ခြင်းကို ဖြစ်စေသော ရောဂါပိုးများသည် လူတစ်ဦးနှင့် တစ်ဦးထိတွေ့ခြင်း ၊ အာသီးရောင်သူများမှ နှာချေခြင်း (သို့) ချောင်းဆိုးလိုက်ပါက ထွက်လာသော အရည်စက်များမှတဆင့် အခြားသူများသို့ ကူးစက်နိုင်သည်။
ချောင်းဆိုးခြင်း ၊ တုတ်ကွေးဖြစ်ခြင်း ၊ နှာစေးခြင်းနှင့် အခြားသော ရောဂါပိုးများကဲ့သို့ပင် အာသီးရောင်ခြင်းသည်လည်း လူတစ်ဦးမှ တစ်ဦးသို့ ကူစက်နိုင်သည်။ အထူးသဖြင့် အနီးကပ်နေသူများတွင် ပို၍ ကူးစက်နိုင်သည်။

အာသီးရောင်ခြင်း (Tonsilitis) ကို ဘယ်လိုကုသမလဲ?
----------------------------
· မည်သည့်ကုသမှုကိုမျှ မခံယူခြင်းသည်လည်း ရွေးချယ်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အာသီးရောင်ခြင်းဖြစ်သူ အများစုသည် ပြင်းထန်ခြင်းမရှိဘဲ မကြာမှီ ပြန်ကောင်းသွားသောကြောင့်ဖြစ်သည်။

· ရေများများသောက်ပါ။
မြိုချရန်နာကျင်သောကြောင့် ရေမသောက်လိုကြပေ။အကယ်၍ ရေမသောက်ပါကလူနာတွင် ရေဓာတ်ခမ်းခြောက်လာနိုင်သည်။အထူးသဖြင့် ကိုယ်အပူချိန်မြင့်မားနေသူများ ရေမသောက်ပါက ရေဓာတ်ပိုခမ်းခြောက်နိုင်သည်။ ရေဓာတ်ခမ်း ခြောက်ပါက ခေါင်းကိုက်ခြင်းနှင့် မောပန်းခြင်းကို ပိုဆိုးစေသည်။

· ပါရာစီတမော (သို့) အိုင်ဗျူပရိုဖန်
ထိုဆေးများသည် နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်း နှင့် ဖျားခြင်း စသည့်လက္ခဏာများကို သက်သာစေသည်။ လက္ခဏာများကို အသက်သာဆုံးဖြစ်စေရန် ဆေးများကို အညွှန်းအတိုင်း အချိန်အပိုင်းအခြား မှန်ကန်စွာ သောက်ရန် လိုအပ်သည်။ ဥပမာ - ပါရာစီတမောကို လက္ခဏာများ သက်သာသွားသည်အထိ တနေ့လျှင် ၄ ကြိမ်သောက်ရန် လို အပ်သည်။ ပါရာစီတမော (သို့) အိုင်ဗျူပရိုဖန် သည် အနာသက်သာရန် အကူအညီဖြစ်သော်လည်း အရွယ်ရောက် သူများတွင် အိုင်ဗျူပရိုဖန်သည် ပါရာစီတမောထက် ပို၍ အနာသက်သာစေသည်ဟု အထောက်အထားအချို့ရှိသည်။ ကလေးများတွင် အာသီးရောင်ပါက ပါရာစီတမောသည် ပထမဆုံးပေးသင့်သော ဆေးဖြစ်ပြီး အကယ်၍ ပါရာစီတမော မရပါက အိုင်ဗျူပရိုဖန်ကို ပေးသင့်သည်။
မှတ်ချက် ။ ။ အချို့လူများတွင် အိုင်ဗျူပရိုဖန် မသောက်သင့်သော အခြေအနေများရှိတတ်သဖြင့် ဆေးမသောက်မှီ ဆေးအညွှန်းကို သေချာစွာ ဖတ်ရန် (သို့) တတ်သိနားလည်းသူနှင့် တိုင်ပင်ရန် လိုအပ်သည်။

· အခြားသော ပလုတ်ကျင်းဆေးရည်များ ၊ ငုံဆေးများနှင့် စပရေးများ
ထိုပစ္စည်းများသည် လည်ချောင်းနာခြင်းကို သက်သာစေပြီး ဆေးဆိုင်များတွင် အလွယ်တကူ ၀ယ်ယူ၍ ရသည်။ သို့သော် ထိုဆေးများသည် အနာကို အမြန်ပျောက်ကင်းစေခြင်း မဟုတ်ပေ။

အာသီးရောင်ခြင်း (Tonsilitis) အတွက် ပိုးသတ်ဆေးသောက်ရန် လိုအပ်သလား?
----------------------------
အများအားဖြင့် မလိုအပ်ပေ။ လည်ချောင်းနှင့် အာသီးများတွင် ဖြစ်သော ရောဂါပိုးများသည် အများအားဖြင့် ဗိုင်းရပ်စ်ပိုးများ ကြောင့် ဖြစ်သည်။ သို့သော် အချို့လူများတွင် ဘက်တီးရီးယားပိုးများကြောင့်လည်း ဖြစ်နိုင်သည်။ မည်သည့်စစ်ဆေးမှုကိုမျှ မပြုလုပ်ဘဲ ဗိုင်းရပ်စ်ကြောင့်ဖြစ်သည် (သို့) ဘက်တီးရီးယားပိုးကြောင့် ဖြစ်သည်ဟုမပြောနိုင်ပေ။ ပိုးသတ်ဆေးများသည် ဘက်တီးရီးယားပိုးများကို သေစေနိုင်သော်လည်း ဗိုင်းရပ်စ်ပိုးများကို မသေစေနိုင်ပေ။
အကယ်၍ ဘက်တီးရီးယားပိုးကြောင့် အာသီးရောင်ခြင်း (သို့) လည်ချောင်းနာခြင်းဖြစ်ပါကလည်း လူအများစုတွင် ပိုးသတ်ဆေး များသည် ထိုနာကျင်ခြင်းများကို ကောင်းစွာ မသက်သာစေနိုင်ပေ။ ဗိုင်းရပ်စ်ကြောင့်ပင်ဖြစ်စေ (သို့) ဘက်တီးရီးယားပိုးကြောင့် ပင်ဖြစ်စေ အာသီးရောင်ခြင်း (သို့) လည်ချောင်းနာခြင်းကို ခန္ဓာကိုယ်၏ ခုခံအားစနစ်က ထိုရောဂါပိုးများကို ရက်အနည်းငယ် အတွင်း ရှင်းလင်းပေးနိုင်သည်။ တခါတရံ ပိုးသတ်ဆေးများကြောင့် ၀မ်းလျောခြင်း ၊ အကွက်များဖြစ်ခြင်း နှင့် အစာအိမ် မသက်မသာဖြစ်ခြင်းများ ဖြစ်နိုင်သည်။
ထို့ကြောင့် အချို့သော ဆရာဝန်များက လည်ချောင်းနာခြင်း (သို့) အာသီးရောင်ခြင်းအတွက် ပိုးသတ်ဆေးများ မပေးကြပေ။
အချို့သော အခြေအနေများတွင် ပိုးသတ်ဆေးများကို ပေးနိုင်သည်။ ဥပမာ -
· အကယ်၍ ရောဂါပိုးသည် ပြင်းထန်လျှင်
· အကယ်၍ ရက်အနည်းငယ်အတွင်း အာသီးရောင်ခြင်း မသက်သာလျှင်
· အကယ်၍ ခုခံအားစနစ်သည် ကောင်းစွာ အလုပ်မလုပ်လျှင် (ဥပမာ - အကယ်၍ ဘေလုံးထုတ်ထားသူ ၊ ကင်ဆာဆေးသွင်းနေသူ)

သတိပြုသင့်သောအချက်များ
----------------------------
လူအများစုတွင် အာသီးရောင်ခြင်း (သို့) လည်ချောင်းနာခြင်းသည် ရက်ပိုင်းအတွင်း မည်သည့်ပြဿနာကိုမျှ ဖြစ်ပေါ်စေခြင်း မရှိဘဲ ပျောက်ကင်းသွားတတ်သည်။ သို့သော် တခါတရံ အာသီးရောင်ခြင်းသည် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင် သည်။ တခါတရံ လည်ချောင်းနာခြင်း (သို့) အာသီးရောင်ခြင်းသည် ဖြစ်နေကျမဟုတ်သော ရောဂါပိုးများကြောင့် အခြေအနေ ဆိုးရွားနိုင်သည်။ ထို့ကြောင့် အောက်ပါအချက်များကို သတိပြုသင့်ပေသည်။

· ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများ
တခါတရံ ရောဂါပိုးများသည် အာသီးမှတဆင့် အနီးအနားရှိ တစ်သျှူးများသို့ ပျံ့နှံ့သွားနိုင်သည်။ ဥပမာ - နားတွင် ရောဂါပိုးကူးစက်ခြင်း ၊ ရင်ခေါင်းအတွင်း ရောဂါပိုး ၀င်ရောက်ခြင်း နှင့် ထိပ်ကပ်နာရောဂါများကို ဖြစ်စေနိုင်သည်။

· ပြန်ရည်ကြိတ်များရောင်၍ ဖျားခြင်း (Glandular Fever – Infectious mononucleosis)
ထိုရောဂါသည် အက်စ်တိန်းဗား ဗိုင်းရပ်စ် (Epstein-Barr Virus) ကြောင့် ဖြစ်သည်။ ထိုပိုးသည် ပြင်းထန်သော အာသီးရောင်ခြင်းနှင့် အတူ အခြားသော လက္ခဏာများကိုလည်း တပြိုင်တည်းဖြစ်ပေါ်စေနိုင်သည်။ (ထိုရောဂါ အကြောင်း ကို သီးခြားဖော်ပြပေးပါမည်။)

· အာသီးနံဘေးတွင်ဖြစ်သည့် ပြည်တည်နာ (ကွင်စီ - Quinsy)
အာသီးနံဘေးတွင်ပြည်တည်နာများဖြစ်ခြင်းသည် အဖြစ်များသော အခြေအနေ မဟုတ်သော်လည်း ဘက်တီးရီးယားပိုး များကြောင့် ဖြစ်နိုင်သည်။ ထိုအနာသည် တစ်ဘက်တည်းတွင် ဖြစ်ပေါ်လေ့ရှိပြီး အာသီးရောင်ပြီးနောက် (သို့) အာသီးရောင်ခြင်းမရှိဘဲလည်း ဖြစ်တတ်သည်။ ပြည်တည်နာဖြစ်နေသည့် အခြမ်းရှိ အာသီးသည် ရောင်ရမ်းနေခြင်း (သို့) ပုံမှန်အတိုင်းဘဲလည်း ဖြစ်နိုင်သည်။ သို့သော် အာသီးသည် နံဘေးရှိ ပြည်တည်နာမှ တွန်းသဖြင့် အာခေါင် အတွင်းသို့ ရောက်ရှိလာသည်။ အာသီးနံဘေးရှိ ပြည်တည်နာသည် အလွန်နာကျင်ပြီး လူနာကို နေမကောင်းဖြစ်စေ နိုင်သည်။ ထိုအနာကို ပိုးသတ်ဆေးများဖြင့် ကုသနိုင်ပြီး သေးငယ်သော ခွဲစိတ်မှုများ ပြုလုပ်ပြီး ပြည်များကို စီးဆင်းစေ ရမည်။

· ရောဂါပိုးများကြောင့် မဟုတ်ဘဲ ဖြစ်ပေါ်တတ်သည့် နာကျင်သော (သို့) ရောင်ရမ်းသော အာသီးများ
ထိုအခြေအနေများသည် ရှားပါးသည်။ ဥပမာ - အာသီးကင်ဆာဖြစ်ခြင်းသည် ရှားပါးသော်လည်း နာကျင်မှုကို ခံစားရခြင်းသည် ပထမဆုံးပေါ်ပေါက်သည့် လက္ခဏာဖြစ်သည်။

အကယ်၍ လည်ချောင်းနာခြင်း၏ လက္ခဏာများသည် ပြင်းထန်ပြီး ပုံမှန်မဟုတ်ပါက (သို့) ၃-၄ ရက်အတွင်း အနာ မသက်သာ ပါက ဆရာဝန်နှင့် ပြသသင့်သည်။ အထူးသဖြင့် အကယ်၍ အောက်ပါအချက်များ ဖြစ်ပေါ်ပါက ဆေးကုသမှုကို ချက်ခြင်းခံယူ သင့်သည်။
· အသက်ရှုရခက်ခြင်း
· တံတွေးမြိုချရန် ခက်ခဲခြင်း
· ပါးစပ်ဖွင့်ရန် ခက်ခဲခြင်း
· အလွန်နာကျင်ခြင်း
· ကိုယ်အပူချိန် အလွန်မြင့်မားခြင်း
· အလွန်နေမကောင်းဖြစ်ခြင်း (အထူးသဖြင့် လက္ခဏာများသည် လည်ချောင်း၏ တစ်ဘက်တွင် ဖြစ်ပါက)

အာသီးဖြတ်ခြင်း
----------------------------
အကယ်၍ ထပ်တလဲလဲ အာသီးရောင်နေပါက အာသီးဖြတ်နိုင်သည်။ အာသီးဖြတ်နိုင်ရန် လမ်းညွှန်ချက်များမှာ -
· လာမည့်နှစ်တွင် ၇ ကြိမ်နှင့် အထက် အာသီးခဏခဏ ရောင်လျှင်။
· လာမည့် ၂ နှစ်အတွင်း အာသီး ၅ ကြိမ်နှင့် အထက်ရောင်လျှင်။
· ၃ နှစ်ဆက်တိုက် ၃ ကြိမ်နှင့် အထက် အာသီးရောင်လျှင်။
· အာသီးရောင်ခြင်းသည် နေ့တဓူဝကိစ္စများအပေါ် သက်ရောက်မှုရှိလျှင် ။ ဥပမာ - အာသီးနာလွန်းသဖြင့် အလုပ်မှ ခွင့် ယူရလျှင် (သို့) ကျောင်းမှ ခွင့်ယူရလျှင်။

အာသီးဖြတ်သည့်အချိန်တွင် တပြိုင်နက်တည်း လည်ချောင်းပသိ (အက်ဒီးနွိုက် - Adenoids) ကိုလည်း ဖြတ်နိုင်သည်။ လည်ချောင်းပသိ (အက်ဒီးနွိုက် - Adenoids) ဆိုသည်မှာ ခန္ဓာကိုယ်၏ ခုခံအားစနစ်တွင် ပါဝင်သော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး လျှာခင် အနောက်ဘက် လည်ချောင်းထိပ် အသက်ရှုလမ်းဝရှိ နှာခေါင်းအခန်းမှ တွဲလျောင်းကျလျက် ရှိသည်။
အာသီးဖြတ်ပြီးနောက် အာသီးများရောင်ခြင်း မဖြစ်တော့သော်လည်း အခြားသော လည်ချောင်းတွင် ရောဂါပိုးများ ၀င်ရောက်ခြင်းကို မတားဆီးနိုင်ပေ။ သို့သော် လည်ချောင်းအတွင်း ရောဂါပိုးများ ၀င်ရောက်သည့် အကြိမ်အရေနှင့် ပြင်းထန်မှု မှာ သိသာစွာ လျော့ကျလာသည်။ အာသီးနံဘေးတွင် ပြည်တည်နာဖြစ်လာသည့် အကြိမ်အရေအတွက်မှာလည်း နည်းလာ သည်။ အာသီးမကြာခဏ ရောင်သော လူအများစုတွင် အာသီးကို ဖြတ်ထုတ်ပြီးပါက နေထိုင်၍ အဆင်ပြေလာသည်ကို တွေ့ရှိ ရသည်။
အာသီးဖြတ်ခြင်းသည် အသေးစားခွဲစိတ်မှုတစ်ခုသာဖြစ်သည်။ သို့သော် ခွဲစိတ်မှုပြုလုပ်ခြင်းဖြစ်သဖြင့် အန္တရာယ်ရှိပေသည်။ ဥပမာ - ခွဲစိတ်နေစဉ်အတွင်း (သို့) ခွဲစိတ်ပြီးနောက် လည်ချောင်းမှ အသက်အန္တရာယ်စိုးရိမ်နိုင်သည့်ပမာဏရှိသော သွေးများ ထွက်နိုင်သည်။

အထက်ပါဆောင်းပါးမှာ အာသီးရောင်ခြင်း (Tonsilitis) ကျန်းမာရေးစာစောင်မှ ဖော်ပြပေးခြင်းဖြစ်ပါသည်။ အောက်ပါပုံကို နှိပ်၍ မြန်မာ့ကျန်းမာရေးစင်တာ ဝက်ဘ်ဆိုဒ်တွင်ပုံများ ဗွီဒီယိုများဖြင့် ဝေဝေဆာဆာ ဖတ်ရှူနိုင်ပါသည်။
မိမိချစ်ခင်သူများကို သိစေလိုလျှင် LIKE နှင့် SHARE များပြုလုပ်ခြင်းဖြင့် ဖြန့်ဝေစေလိုပါသည်။
မြန်မာနိုင်ငံသားအားလုံး ကျန်းမာရေးသုတအဖြာဖြာ တိုးတက်နိုင်ကြပါစေ..
Myanmar Health Centre ( Trusted Health Information)
www.myanmarhealthcentre.com
#MYANMARHEALTHCENTRE
#အာသီးရောင်ခြင်း
#HEALTHFORALL

မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ

မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ  စာရေးသူ - ပစ်တိုင်းထောင် (ဆေးမန်း) ၁) မျက်ရည်ယိုဗုံး (Tear Gas) ဆိုတာ - Tear Gas ကို အထိကရုံး နှိမ်န...