Thursday, April 8, 2021

မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ

မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ 

စာရေးသူ - ပစ်တိုင်းထောင် (ဆေးမန်း)

၁) မျက်ရည်ယိုဗုံး (Tear Gas) ဆိုတာ

- Tear Gas ကို အထိကရုံး နှိမ်နင်းရာမှာ အသုံးများပါတယ်
- Tear Gas မှာ အဓိက ပါ၀င်တဲ့ chemical က chlorobenzylidene malonitrile (CS) ဖြစ်တဲ့အတွက် CS gas လို့လည်း ခေါ်ပါတယ်

၂) မျက်ရည်ယိုဗုံးထိရင် ဘာတွေဖြစ်နိုင်လဲ

- မျက်လုံးစပ်မယ်၊ နီမယ်၊ မျက်ရည်ကျမယ်၊ အလင်းစူးနိုင်တယ်၊ မျက်စိခဏ ဝါးတာတွေ အဖြစ်များပါတယ်

- အရေပြားဆိုလည်း နီမယ် စပ်မယ် လောင်မယ်
အဆုတ်မှာလည်း အရည်အကျိ ပိုထွက်နိုင်လို့ ချောင်းဆိုးနိုင်ပါတယ်၊ အသက်ရရှူရ ခက်ခဲစေနိုင်ပါတယ်

- မိန်းကလေးတွေမှာ ရာသီစက်၀န်း ပုံမမှန် ဖြစ်စေနိုင်တာကို တွေ့ရှိရကြောင်း ပြင်သစ်က စာစောင်တွေထဲမှာ ထုတ်ဝေ ဖော်ပြထားပါတယ်

၃) မျက်ရည်ယိုဗုံး ထိရင် လုပ်သင့်တဲ့ အရာတွေက

- မီးခိုးလုံးထဲ နဲ့ ဝေးရာကို အရင်ပြေးပါ
- မျက်စိကို လေသလပ်ခံပါ
- ရေစို၀တ်ရှိရင် ရေစို၀တ်နဲ့ မျက်လုံး‌‌၊ ထိမိတဲ့အရေပြား နေရာကို အုပ်ပါ
- မျက်လုံးကို ရေနဲ့ဆေးပါ (အနည်းဆုံး ၁၀မိနစ် ဆေးရပါမယ်)
- ရေသန့် / NS မရှိလည်း စောင့်စရာမလိုပါ၊ အလွယ်တကူရှိတဲ့ ရေနဲ့သာ အမြန်ဆေးပါ (ချက်ချင်း‌ ဆေးနိုင်ဖို့က ပိုအရေးကြီးပါတယ်)
- အရေပြားနေရာတွေကို ရေအေးနဲ့ ဆေးသင့်ပါတယ်
အ၀တ်အစားလဲလို့ လွယ်ရင် အ၀တ်အစားလဲ ပစ်ပါ
(အ၀တ်အစားပေါ်မှာ ၂ရက်ကနေ ၃ရက်ထိ ဓါတ်ငွေ့တွေ ဆွဲကျန်နိုင်ပါတယ်)
- မျက်စိအရမ်းနီပြီး စပ်နေရင် မျက်ရည်တုမျက်စဉ်း (artificial tear) ကို ခတ်ပေးသင့်ပါတယ်
တစ်ခါခတ်ရင် တစ်စက်နှုန်းဖြင့် နာရီ၀က်၊ တစ်နာရီခြားကနေ 4နာရီခြား အထိ သက်သာသလို ခတ်နိုင်ပါတယ်
- ‌ဆေးဆိုင်မှာ အလွယ်တကူ ၀ယ်လို့ရပြီး သုံးဖို့အဆင်ပြေတဲ့ မျက်ရည်တု မျက်စဉ်းတွေကတော့
Cool Eye, Protear, Neotear, Iris, Fresh tear, Systane
- မျက်စဉ်းအစိမ်းဘူးလို့ လူသိများတဲ့ V-rotho တံဆိပ်ကို teae gas ထိထားတဲ့အချိန် မခတ်သင့်ပါ (menthol ပါလို့ပါ)
ပုံမှန်အချိန် ခတ်တာက အဆင်ပြေပါတယ်
- Steroid ပါသောမျက်စဉ်း၊ ပိုးသတ်ဆေး မျက်စဉ်းများကို မျက်စိဆရာ၀န်ရဲ့ ညွှန်ကြားမှုမပါဘဲ မခတ်ရပါ

၄) Coke/ Coca cola နဲ့ ဆေးသင့်လား

- Coke နဲ့ ဆေးသင့်တယ်လို့ ပြောကြတာဟာ အသုံး၀င်သင့်သလောက် အသုံး၀င်ကြောင်း တွေ့ရပါတယ်
- Academic စာစောင်တွေ စာအုပ်တွေထဲမှာ သေချာပြောမထားပေမယ့် အီဂျစ်က ဆန္ဒပြပွဲတွေကစတာဖြစ်ပြီး tear gas ကြောင့် မျက်စိစပ်တာ သက်သာစေတယ်လို့ website တွေမှာ တင်ထားပါတယ်
- Coke က acidic ဖြစ်လို့ tear gas ကို neutralize လုပ်နိုင်ပါတယ်လို့ ယူဆထားပါတယ်

*Edit: 'ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ မျက်လုံးဟာ ထိခိုက်လွယ်တာကြောင့် Coke/Coca Cola ကိုလည်း မသုံးစေချင်ပါဘူး။'

- အရင်က ရှာလကာရည် သံပုရာရည် တို့လည်း အရေးပေါ်‌ထည့်ကြတယ်လို့ သိရပါတယ်
(ဒါပေမယ့် အဲဒီ ၂မျိုးတော့ မသုံးစေချင်ပါ
အခန့်မသင့်ရင် မျက်ကြည်လွှာ လောင်သွားနိုင်လို့ပါ)

၅) Tear Gas ထိရင် ရေရှည်မှာ ဖြစ်နိုင်တဲ့ ဆိုးကျိုးများ

- မျက်စိထိသွားရင် ပမာဏ အနည်းအများ ထိမိတဲ့ ကြာချိန်ပေါ် မူတည်ပြီး မျက်ကြည်လွှာ အမာရွတ် ရေတိမ် အတွင်းတိမ် များ ရေရှည်မှာ ဖြစ်နိုင်ပါတယ်
- ဖြစ်နိုင်ချေ နည်းပေမယ့် မျက်လုံးအရမ်းနီပြီး ရက်ပိုင်းအတွင်း မသက်သာလျှင် နီးစပ်ရာ မျက်စိဆရာ၀န်နဲ့ ပြသင့်ပါတယ်
- အများစုက tear gas ထိတဲ့ ကိုယ်၀န်သည်တွေမှာ ကလေး မထိခိုက်စေနိုင်ဘူးလို့ ပြောထားကြပေမယ့် ၂၀၁၁ ခုနှစ် Chile နိုင်ငံမှာ‌တော့ ကိုယ်၀န်ပျက်ကျနိုင်တဲ့ အန္တရာယ်ကြောင့် tear gas သုံးခွင့် တားမြစ်ခံရပါတယ်

သူရဲကောင်း ပြည်သူအပေါင်း ဘေးရန်ကင်းကြပါစေ

🙏🙏🙏

 'A Yay Paw' mobile application ကို ဒေါင်းလုပ် ရယူနိုင်ပါပြီ။ Application ကို သွင်းထားပြီးလျှင် internet မရှိလည်း အသုံးပြုလို့ ရပါတယ်။
App: http://onelink.to/ayaypaw
Page: https://www.springrevolution.xyz
Telegram channel: https://t.me/ayaypaw
Facebook: https://www.facebook.com/ayaypawapp

FIRST AID (ကနဦး လူနာပြုစုခြင်း)

🔴 FIRST AID (ကနဦး လူနာပြုစုခြင်း) 🔴

(ထိခိုက်ဒဏ်ရာရ၍ သွေးထွက်လွန်လူနာအား ကနဦး ပြုစုကုသခြင်း)

--------------------------------------------------------------------------
သွေးထွက်သံယို ဖြစ်ခဲ့သော် Medical Cover ပေး
မည့်သူများ Medic များ ရောက်မလာမီ အချိန်တွင်း ပြည်သူများ အနေနဲ့ First Aid (ကနဦး လူနာပြုစုခြင်း) ကို အရင်ဦးစွာ လုပ်ထားနိုင်စေရန် ဒီ Post ကို 
ရည်ရွယ်ပြီး ရေးခြင်းဖြစ်ပါတယ်..

လူတစ်ယောက်ဟာ သေနတ်ဒဏ်ရာရပြီး သွေး ထွက်လွန်နေပြီဆိုရင် အဲ့ဒီလူနာဟာ (၅) မိနစ် ကနေ (၈)မိနစ်အတွင်းမှာ အသက်ဆုံးရှုံးနိုင်ပါတယ်..

ဒါကြောင့် အဲ့ဒီတန်ဖိုးရှိတဲ့ အချိန်တို အတွင်းမှာ
သွေးထွက်ခြင်းကို အချိန်မိီထိန်းနိုင် တားနိုင်ခဲ့မယ်ဆိုရင် အသက်ဆုံးရှုံးတဲ့အထိ မဖြစ်စေဘဲ ဆက်လက် ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်..

သွေးထွက်လွန် လူနာတွေ့လျှင် အရင် Ambulance (Medic) ကို တစ်ယောက်ယောက်က အရင်ဆုံးခေါ်ထားပေးပါ..

အရေးကြီးဆုံးကတော့...

🚫"STOP THE BLEED"🚫
(သွေးထွက်ခြင်းကို အမြန်ဆုံး တားဆီးပါ....
ကုသပါ)

သူ့မှာ အပိုင်းသုံးခုပါ ပါတယ်..

(၁) 

"APPLY PRESSURE WITH HANDS"
........................................................

သွေးထွက်တဲ့ နေရာကို ရှာပါ..
​တွေ့ရင် အဲ့ဒီနေရာကို ကိုယ့်ရဲ့လက်နဲ့ အရင်ဆုံးဖိထားပါ..

ဖိထားတဲ့ အားကလည်း တင်းတင်းနဲ့ တည်တည်
ငြိမ်ငြိမ် ဖြစ်အောင် ဖိထားရပါမယ်..
လိုအပ်ရင် (သွေးအလွန်ထွက်နေလျှင်) လက်နှစ်ဘက်စလုံး အသုံးပြုပြီး ဖိထားရပါမယ်..
(၂)

"APPLY DRESSING AND PRESS"
.....................................................

သွေးထွက်တဲ့နေရာကို တွေ့အောင်ရှာပြီး
အဝတ်တွေ လှန်ထားပါ.. 

နေရာတွေ့ရင် ပတ်တီးစ သို့ အဝတ်စနဲ့ တင်းတင်းနဲ့ မြဲနေအောင်ဖိထားပေးပါ..

(တချို့က အဲ့လိုဖိရင် လူနာကအော်တယ်..
အော်တော့ မဖိရဲတော့တာတွေရှိတယ်...
ဖိကြပါ... တကယ်က ထွက်နေတဲ့ နေရာကို အတတ်
နိုင်ဆုံး သွေးအထွက်မလွန်အောင် ဖိကို ဖိရမှာပါ 🙏)

(၃)

"APPLY TOURNIQUET(s)"
...........................................

သွေးထွက်သောနေရာ၏ အပေါ်ဖက်တွင်
သွေးထိန်းကိရိယာ (သွေးထိန်းအထောက်ကူပစ္စည်း စည်းထားပေးပါ)

စည်းသောနေရာမှာ သွေးထွက်သောနေရာ၏ အထက် ၂ လက်မ ၃ လက်မ ခွာ၍စည်းပါ..

(ဥပမာ.. လက်ချောင်းတွင် သွေးထွက်လွန်နေလျှင် လက်ဖျံ အထက်နားတွင် စည်းနိုင်သည်..
လက်ဖျံသွေးထွက်လွန်လျှင် လက်မောင်းတွင် 
စည်းနိုင်သည်..
ခြေထောက်..​ ဒူး တွင် သွေးထွက်လွန်နေလျှင် ပေါင်..ပေါင်ရင်းတွင် စည်းနိုင်သည်)

(ဥပမာ .. ခြေ လက် အစိတ်အပိုင်း တခုခု ပြတ်သွား၍ သွေးထွက်များ နေမည်ဆိုလည်း ပြတ်ထွက်သွားသော နေရာမှ အထက် ၂ လက်မ ၃ လက်မ ခွာ၍စည်းပါ) 
သွေးထိန်း ကိရိယာ စည်းရာတွင် စ၍စည်းသော အချိန် (နာရီ..မိနစ်..နေ့ရက်) ကို စည်းသောနေရာအနီး၌ တိတိကျကျ ရေးသားပေးပါ..
(၂) နာရီထက် မကျော်လွန်ရပါ..
သွေးထိန်းကိရိယာ အစစ်မဟုတ်လျှင်လည်း (မရလျှင်လည်း) အဝတ်စကို တစ်ပတ်ပတ်ပြီး တုတ်ချောင်းခံရစ်၍ စည်းလို့ရသည်..

ထို့နောက် သွေးထွက်လွန်သော ခြေထောက် သို့ လက်ကို မြှောက်ထားပေးပါ..
(အကယ်၍ခြေထောက်ကျိုး လက်ကျိုးနေလျှင် ခါးရိုးကျိုးနေလျှင် မမြှောက်ပါနှင့်)
.......................................................................

အထက်ပါ "STOP THE BLEED" နည်းလမ်းတွေနဲ့  
ကျနော်တို့ ပြည်သူတွေရဲ့ အသက်ကို နိုင်သလောက် စွမ်းသလောက်ဘက်ကနေ ကယ်တင်နိုင်ပါတယ်...

သူရဲကောင်းပြည်သူအပေါင်း ဘေးကင်းကြပါစေ.. 

🙏🙏🙏

 'A Yay Paw' mobile application ကို ဒေါင်းလုပ် ရယူနိုင်ပါပြီ။ Application ကို သွင်းထားပြီးလျှင် internet မရှိလည်း အသုံးပြုလို့ ရပါတယ်။
http://onelink.to/ayaypaw

Page : https://www.springrevolution.xyz
Telegram channel: https://t.me/ayaypaw

Basic Life Support အခြေခံအသက်ကယ်နည်း

Basic life support
အခြေခံ အသက်ကယ်နည်း 

ကိုယ့်ရှေ့မှာ လူတစ်ယောက် လဲသွားပြီ မလှုပ်မယှက်ဖြစ်သွားပြီဆိုရင် ကျမတို့ဟာ ဘာလုပ်ရမှန်းမသိ ဘာကိုင်ရမှန်းမသိ ဖြစ်တတ်ကြပါတယ် အဲ့ဒါလေးနဲ့ ပတ်သက်ပြီး လူတိုင်းသိထားသင့်တယ်လို့ ထင်လို့ပါ
Blue print လေး ရှိပါတယ်.. D R S C A B ပါ

D for Danger
Scene အန္တရာယ်ရှိမရှိ အရင်ကြည့်ပါ လို့ပြောတာပါ
ခု အချိန်နဲ့ပြောရရင် ကိုယ်ကယ်မယ့်နေရာဟာ လူသတ်ကွင်းဖြစ်နေရင် ကိုယ်ပါဂိမှာပါ ဒါကြောင့် အဲ့နေရာကနေ ကိုယ်ရော လူနာရော အရင်ထွက်ရပါမယ်
နှစ်ဦးလုံး safe ဖြစ်တဲ့နေရာကို အရင်ရွှေ့ဖို့ အရေးကြီးပါတယ်

 R for response
Safe ဖြစ်တဲ့နေရာရောက်ပြီဆိုရင် လူနာရဲ့ တုံ့ပြန်မှုကို ကြည့်ရပါမယ် ခေါ်ကြည့်ပါ လှုပ်နှိုးကြည့်ပါ  

လူနာမလှုပ်လျှင် သင့်ပါးကို လူနာ နားကပ်ခါ လေရှူထုတ်တာကို ခံစားကြည့်ပါ 
(ပုံမှာကြည့်နိုင်ပါတယ်)
တချိန်တည်းမှာပဲ မျက်စိက လူနာရဲ့ ရင်ဘတ်ကိုကြည့်ပြီး အသက်ရှူမရှူကို ကြည့်ပါ 
အသက်ငင်သလိုရှူတာမျိုး ၁၀ စက္ကန့်မှာ ၂ခါပြည့်အောင် မရှူတာကိုလည်း မရှူဘူးလို့ သတ်မှတ်ပါ

စမ်းတတ်လျှင်တော့ လည်ပင်းသွေးခုန်နှုန်းကို တခါတည်းစမ်းကြည့်ပါ တဖက်ကိုပဲ စမ်းရပါမယ် ၂ဖက်တစ်ပြိုင်တည်းမစမ်းရပါ

Response ကိုစမ်းတာ *****၁၀ စက္ကန့်ထက်ပိုမကြာရပါ*****
ဇဝေဇဝါဆို response မရှိဘူးလို့ပဲ သတ်မှတ်ပါ
နောက်တစ်ယောက်နဲ့ ထပ်ပြီး မ confirm ပါနဲ့

 S shout for help
လူနာက no response ဆိုလျှင် 
အကူညီခေါ်ပါ အကူညီခေါ်တဲ့ အခါ.. 
အနားမှာရှိတဲ့လူကို လူနာတင်ယာဉ်ခေါ်ဖို့ ပြောပါ
အရေးပေါ်အသက်ကယ်နည်း တတ်တဲ့လူရှိရင် ဝင်ကူဖို့ပြောပါ
ကယ်မယ့်သူက သင်တစ်ဦးတည်းဖြစ်နေရင်တော့ 
ဖုန်းအရင်ဆက်ပါ..ပြီးမှဆက်လုပ်ပါ..

C for chest compression  
A for airway 
B for breathing

၃ ခုကို တခုပြီးတခု ဆက်လုပ်ရမှာဖြစ်ပါတယ် 

လူနာတင်ယာဉ် စောင့်နေတဲ့အချိန်မှာ နှလုံးနှိုးတာလုပ်ပါ

လူနာဘေးမှာ ဒူးထောက်ပြီး လူနာရင်ဘတ်ပေါ် 
သင့်ရဲ့အပေါ်ပိုင်းက အုပ်မိုးနိုင်လောက်တဲ့အနေအထားနဲ့နေပါ. ရင်ညွန့်ရိုးရဲ့ အောက်တစ်ဝက်မှာ လက်နှစ်ဖက်ကိုထပ်ပြီးတင်ပါ (ပုံမှာကြည့်ပါ)
လက်ဖျံ လက်မောင်းကို ဆန့်ထားပြီး 
ပုခုံးကလာတဲ့ တစ်ကိုယ်လုံးအားနဲ့ဖိပါ 
လက်ဖနောင့်မှာ အားရောက်အောင်လုပ်ပါ
 
တခါလုပ်ရင် အချက် ၃၀ 
၁မိနစ်ကို အချက် ၁၀၀ မှ ၁၂၀ ရအောင်လုပ်ပါ
ကြားထဲမှာ တတ်နိုင်သမျှ မရပ်ပါနဲ့
၂ လက်မလောက် အောက်ရောက်အောင် ဖိရပါမယ်
လူနာထားတဲ့နေရာသည် အောက်ကမာတဲ့နေရာဖြစ်ရပါမယ်
အခါ ၃၀ ပြည့်ပြီးရင် အသက်ရှူလမ်းကြောင်းဖွင့်ရင်း လေ၂ချက် မှုတ်သွင်းပေးပါ
ပထမဆုံး ကိုယ်တိုင်လေတစ်ဝရှူလိုက်ပါ 
ပြီးလျှင် လူနာနှာခေါင်းကို ပိတ်ပြီး
ပါးစပ်ချင်းတေ့ကာ လေမှုတ်သွင်းပေးပါ
ပတ်တီးစ (သို့) ပလပ်စတစ်ကို အပေါက်ဖောက်ပြီး ကြားခံနယ်အဖြစ်သုံးလို့ရပါတယ်
တစ်စက္ကန့်ပြည့်အောင် မှုတ်ရပါမယ် 
 ရင်ဘတ်မြင့်တက်လာအောင်လေမှုတ်ရပါမယ်
တခါလုပ်ပြီး ကိုယ်က လေပြန်ရှူပါ နောက်တခါထပ်လုပ်ပေးပါ
 
(အခုနောက်ပိုင်းစာတွေထဲတော့ လေမှုတ်သွင်းတာက must တော့မဟုတ်ပါဘူးတဲ့ ဒီအချိန်နဲ့ပြောရရင် ဒဏ်ရာရသူဟာ သွေးအလိမ်းလိမ်းဖြစ်နေနိုင်တာမို့လို့
လုပ်ပေးဖို့ ခက်တာမျိုး ရှိနိုင်ပါတယ် နှလုံးနှိုးတာကိုပဲ ဆက်တိုက်လုပ်ပေးရင်လည်းရပါတယ်)

လေ၂ခါမှုတ်ပြီးတာနဲ့ နှလုံးနှိုးတာ ပြန်စပါ
ဒါကြောင့်မို့ နှလုံးနှိုးတာ အခါ ၃၀ : လေမှုတ်သွင်း ၂ခါ ပါ. ဆက်တိုက်လုပ်ပါ မောရင်လူလဲလုပ်ပါ မောလျှက်နဲ့လုပ်တာ အကျိုးမရှိပါဘူး

အသက်ကယ်မယ့်သူက ၂ ယောက်ရှိရင် တစ်ယောက်က နှလုံးနှိုးတာကို လုပ်ပြီး နောက်တစ်ယောက်က လေမှုတ်သွင်းတာကို လုပ်ပါ.. နှလုံးနှိုးနေတုန်း မေးစေ့ကိုမထားပြီး အသက်ရှူလမ်းကြောင်းပွင့်နေပါစေ

၂ မိနစ်ပြည့်တိုင်း လူနာအသက်ပြန်ရှူမရှူ ပြန်ကြည့်ပါ သွေးခုန်နှုန်းပြန်စမ်းပါ ၁၀ စက္ကန့်ထက်ပိုမကြာရပါ response မရှိလျှင် ဆက်လုပ်ပါ

ဘယ်ချိန်ထိလုပ်ရမှာလဲ ဆိုရင် Ambulance လာ ဆရာဝန်လာပြီး လက်လွှဲပြီးသည့်အထိ လုပ်ပေးပါ မိနစ် ၂၀ ပြည့်မှ လာမည့်သူမရှိရင် ကိုယ်လုပ်ပေးနေရင်း scene က အန္တရာယ်ရှိလာရင် ရပ်နိုင်ပါတယ်

response ရှိလျှင် မေးစေ့ကို မ ရုံမထားပြီး အသက်ရှူလမ်းကြောင်းပွင့်အောင်လုပ်ထားပါ
အသက်ရှူနှုန်းကို စောင့်ကြည့်ပါ 

လူတိုင်းတတ်ထားသင့်ပါတယ် ခေါင်းအုံးနဲ့
အစမ်းလေ့ကျင့်ပါ ခေါင်းထဲစွဲအောင်မှတ်ပါ
တခါဖတ်ရုံနဲ့ မမှတ်မိပါဘူး..ဗြုန်းဒိုင်းဆို ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဖြစ်ပြီး မေ့သွားမှာပါ
.
ပြန်ချုပ်ရရင် 
အန္တရာယ်အရင်ရှောင်ပါ
အသက်ရှူမရှူကြည့်ပါ
အကူညီခေါ် ပါ
နှလုံးနှိုး ၃၀ : လေမှုတ်ကူ ၂ခါ
response ရှိလျှင် မေးစေ့ကို မ ရုံမထားပြီး အသက်ရှူလမ်းကြောင်းပွင့်အောင်လုပ်ထားပါ
အသက်ရှူနှုန်းကို စောင့်ကြည့်ပါ.
Youtube video ကြည့်ပြီး ကျင့်ပါ

https://youtu.be/n7kqiAu2gC8

ကောက်ရိုးတမျှင်ပဲရရ ကျမတို့စွဲထားရအောင်ပါ.. 

(BLS ကို လောလောဆယ် on ground မှာ လုပ်နိုင်တာလေးတွေပဲ ရေးပေးထားတာမို့ AED အကြောင်းကို ဖယ်ထားပါတယ်).

Dr.PHW(EM)

Tuesday, April 6, 2021

ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။

 ဘယ်နေ့မှာ အတူနေ၊ ဘယ်နေ့မှာ ကိုယ်ဝန်ရှိပြီး၊ ဘယ်နေ့မှာ မွေးကြမလဲ။ (https://hellosayarwon.com/pregnancy/getting-pregnant/prediction-of-due-date/)

Fail to plan is plan to fail တဲ့။ ဘာမဆို အစီအစဉ်တကျ လုပ်တတ်တာက ကောင်းတာပေါ့။ အလုပ်ကိစ္စတွေ၊ အရေးကြီး ဧည့်သည်နဲ့ တွေ့ဖို့ရှိတယ်ဆိုရင် ကြိုတင်ပြင်ဆင်ပြီးမှ လုပ်ကြတယ်ဟုတ်။ ဒီလိုပဲ ဘဝရဲ့ အရေးကြီးတဲ့ မိသားစုဝင် အိမ်ရဲ့ ဆည်းလည်းလေးကို ကြိုဆိုတဲ့ နေရာမှာလည်း အစီအစည်လေး တစ်ခု ချထားနိုင်ရင် ပိုကောင်းတာပေါ့။

ကိုယ်ဝန်ရတယ်ဆိုတာ သဘာဝကိစ္စဆိုပေမယ့် တကယ်က လူသားနှစ်ဦးက ဖန်တီးထားတဲ့ ကိစ္စပါပဲ။ အတွင်းကျကျ ပြောရရင် မမျိုးဥလေးနဲ့ ဖိုသုက်ကောင်လေးတို့ ပေါင်းစပ်ပြီး ကလေးလေး ဖြစ်လာတာဖြစ်တဲ့အတွက် ဒီမျိုးဥလေးနဲ့ သုက်ကောင်လေးတို့ ဆုံမဆုံဆိုတာ လူသားတွေ လက်ထဲမှာ ရှိပါတယ်။

ဒီလိုကလေးမွေးမယ့်ရက်၊ ကလေးရမယ့်ရက်ကို ရွေးချယ်လို့ရတော့ ဘာဖြစ်လဲ။

ကျန်းမာရေးအရတော့ ထူးထူးခြားခြား ပြဿနာမရှိပေမယ့် လူမှုရေးကိစ္စတွေမှာတော့ အတော်တာသွားပါတယ်။ ဆိုကြပါစို့။

နောက်နှစ်ရဲ့ လတစ်လမှာ ရာထူးတိုး စာမေးပွဲဖြေစရာရှိတယ်။ အရွယ်ကလည်း ကိုယ်ဝန်ဆောင်သင့်နေပြီ။ တစ်နှစ် တစ်နှစ်နဲ့ ရွှေ့လာလိုက်တာ အတော်တောင် နောက်ကျနေပြီ။ ကလေးမွေးတဲ့ အချိန်နဲ့ သွားတိုက်နေရင် ဘယ်လိုလုပ်မလဲ။

အမျိုးသားက နောက်နှစ်လောက်မှ ပြန်လာမှာ။ ကလေးမွေးတဲ့အချိန် အမျိုးသားကို အနားမှာ ရှိစေချင်တယ်။ ဒါကြောင့် အမျိုးသား ပြန်လာမယ့် လနဲ့ကိုက်ပြီး မွေးချင်တယ်။

ကလေးကို ဘယ်လမှာပဲ မွေးချင်တာ၊ ဒါမှ ဘယ်သူနဲ့ မွေးနေ့တူမှာ။

မိုးတွင်းမှာ ကလေးမမွေးချင်ဘူး ဆရာမ။ အနှီးမခြောက်လို့။

ဆောင်းတွင်းမှာ မမွေးချင်ဘူး။ အနာကိုက်ရင် ဘယ်လိုလုပ်မလဲ။

ဆရာရယ် ဗေဒင်ကိန်းခန်းအရ ဒီရက် ဒီအချိန်မှာ မွေးမှဖြစ်မှာ၊ ခွဲမွေးပေးပါ ဆရာရယ်။ မွေးချင်တဲ့အချိန်မှာ လကမစေ့သေး။

ဤသို့ ဤသို့သော ပြဿနာများကား လူ့ဘောင်လောကတွင် ရှိနေသတတ်။ ဒါကြောင့် အစတည်းက ဘယ်အချိန်မွေးချင်ရင် ဘယ်လမှာ ကိုယ်ဝန်ယူမယ်။ ကိုယ်ဝန်ရအောင် ရာသီစက်ဝန်းရဲ့ ဘယ်ရက်တွေမှာ အတူနေကြမယ်ဆိုတာ ကြိုပြီး စီစဉ်ထားနိုင်ရင် မကောင်းဘူးလား။

ဘယ်နေ့မှာ အတူနေရင် ဘယ်နေ့မှာ ကိုယ်ဝန်ရမှာလဲ။

အလွယ်ပြောရင်တော့ သားဥကြွေချိန်မှာ နေရင် ရမှာပေါ့။ ဒါကိုတွက်တဲ့နည်းကိုတော့ Rhythm method လို့ ခေါ်ပါတယ်။ တွက်နည်းကတော့ရာသီလာတဲ့ ရက်တွေကို ၆လလောက် မှန်မှန်မှတ်ထားပါ။ အရင်ကတည်းက မှတ်တတ်တဲ့အကျင့်ရှိရင် ပိုကောင်းတာပေါ့။ ရာသီစလာတဲ့ရက်ရယ်၊ ဘယ်နှရက်ကြာလဲဆိုတာရယ်၊ ဘယ်နှရက်တစ်ခါ လာသလဲဆိုတာရယ်ကို မှတ်ထားပါ။

၆လစာ မှတ်ထားတဲ့ထဲက အတိုဆုံး ရာသီစက်ဝန်းကို ရှာပြီး ၁၈ နှုတ်လိုက်ပါ။ ဒါက မျိုးအောင်နိုင်တဲ့ ပထမဆုံးရက်ပါပဲ။ ဥပမာ ၆လထဲမှာ အတိုဆုံး စက်ဝန်းက ၂၆ရက်ဆိုရင် ၂၆-၁၈= ၈ ဒါဆို ဒီလရာသီစလာပြီး ၈ရက်မြောက်နေ့က မျိုးအောင်နိုင်တဲ့ ပထမဆုံးရက်ပါ။

၆လစာ မှတ်ထားတဲ့ထဲက အရှည်ဆုံး ရာသီစက်ဝန်းကို ရှာပြီး ၁၁ နှုတ်လိုက်ပါ။ ဒါက မျိုးအောင်နိုင်တဲ့ နောက်ဆုံးရက်ပါပဲ။ ဥပမာ ၆လထဲမှာ အရှည်ဆုံး စက်ဝန်းက ၃၂ရက်ဆိုရင် ၃၂-၁၁= ၂၁ ဒါဆို ဒီလရာသီစလာပြီး ၂၁ရက်မြောက်နေ့က မျိုးအောင်နိုင်တဲ့ နောက်ဆုံးရက်ပါ။

ဒါကြောင့် ဒီဥပမာ နောက်လ ရာသီစလာပြီး ၈ရက်ကနေ ၂၁ရက်အတွင်း အတူနေရင် ကိုယ်ဝန်ရနိုင်ခြေ များပါတယ်။ ကိုယ်ဝန်မလိုချင်တဲ့သူ၊ ရက်ရှောင်ပြီး နေချင်တဲ့သူကတော့ ဒီရက်တွေကို ရှောင်ရမှာပါ။ ဒါက ဥပမာ ပြထားတာဖြစ်လို့ ကိုယ့်ရက်နဲ့ ကိုယ်တွက်ပါ။

လတိုင်း လတိုင်း ရာသီရက်ကို မှတ်ပြီး ပြန်ပြန်တွက်ကြည့်ပါ။

သတိထားရမယ့် အချက်က တချို့ဆေးဝါးတွေ၊ ဖျားနာမှုတွေ၊ စိတ်ဖိစီးတွေက သားဥကြွေတဲ့ရက်ကို အပြောင်းအလဲ ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် ရာသီမမှန်တဲ့သူတွေဆိုရင် ဒီနည်းလမ်းက သိပ်မထိရောက်ပါဘူး။

ဒီလို အပေါင်းအနှုတ်တွေ မတွက်တတ်ပါဘူး။ ရာသီရက်ကလည်း ၆လစာ မှတ်ထားတာတွေ မရှိတော့ဘူး။ တွက်လို့ မရတော့ဘူးဆိုပြီး စိတ်မညစ်ပါနဲ့။ ‘သားဥကြွေခြင်းကို တွက်ချက်ခြင်း ကျန်းမာရေးကိရိယာ’ မှာ အလွယ်တကူ တွက်ချက်ပြီး အတူနေတာ၊ ရက်ရှောင်တာ လုပ်လို့ရပါတယ်။

အတူတော့ နေလိုက်ပြီ။ ဘယ်တော့ ကိုယ်ဝန်ရမှာလဲ။

အတူနေပြီးပြီဆိုရင်တော့ နောက်လာမယ့် ရာသီရက်ကို တွက်ထားပါ။ ရာသီရက်မှာ ရာသီမလာသေးရင် ဆီးစစ်တံလေးနဲ့ စစ်ကြည့်လိုက်ပါ။ တချို့က ရာသီရက် စောတာ၊ နောက်ကျတာ ရှိတတ်လို့ မလာသေးတိုင်း ကိုယ်ဝန်ရှိနေတာ မဟုတ်ပါဘူး။ ဆီးစစ်ကြည့်လိုက်တာ ပိုသေချာပါတယ်။

နောက်ရာသီက ဘယ်တော့ လာမလဲ မသိပြန်ဘူးလား။ ‘သားဥကြွေခြင်းကို တွက်ချက်ခြင်း ကျန်းမာရေးကိရိယာ’ မှာ ထပ်ပြီး တွက်ချက်နိုင်ပါတယ်။

ကိုယ်ဝန်တော့ ရပြီ။ ဘယ်တော့ မွေးမှာတုန်း။

ကိုယ်ဝန်တော့ ရပြီ။ ဘယ်တော့ မွေးမှာလဲဆိုတာကို တွက်ချင်ရင် လွယ်လွယ်လေးပါတဲ့။ နောက်ဆုံး ရာသီလာခဲ့တဲ့ ပထမဆုံးရက်ကို ၉လနဲ့ ၇ရက် ထည့်ပေါင်းရုံပါပဲ။

ဥပမာ ကိုယ်လ နိုဝင်ဘာ ၁ရက်နေ့ကနေ ၅ရက်နေ့ထိ လာသွားတယ်။ ဒီလ ရာသီမလာလို့ စစ်ကြည့်တော့ နှစ်ကြောင်းပေါ်နေတယ်။ ဘယ်တော့မွေးမှာလဲဆိုတာ သိချင်ရင် ပထမဆုံးရက် ၁.၁၁.၂၀၂၀ကို ၉လနဲ့ ၇ရက် ပေါင်းလိုက်ရင် နောက်နှစ် ၈လပိုင်း ၈ရက်နေ့က ဂျူးဒိတ် မွေးမယ့်ရက်ပါ။ ရက်ကတော့ ရှေ့တိုး၊ နောက်ဆုတ်ရှိနိုင်ပါတယ်။ အဲ့ရက်ပတ်ဝန်းကျင်လောက်မှာ မွေးမယ်လို့ မှန်းလို့ရပါတယ်။

ဒါကိုလည်း မတွက်ချင်ဘူးဆိုရင် ‘မီးဖွားမည့် တွက်ချက်ခြင်း ကိရိယာ‘မှာ အလွယ်တကူ တွက်နိုင်ပါတယ်။ သူ့ရဲ့ အားသာချက်က ကိုယ်ဝန်ဘယ်နှပတ်ရှိနေပြီလဲဆိုတာပါ သိနိုင်တာပဲ ဖြစ်ပါတယ်။

ဒီလို မွေးမယ့် လကို ကြိုသိထားတော့ ကိုယ်ဘယ်တော့ မွေးချင်တယ်၊ မမွေးချင်ဘူးဆိုတာပေါ် မူတည်ပြီး ကိုယ်ဝန်ယူမယ့်လကို ပြန်ချိန်ဆလို့ ရတာပေါ့။

ကလေးယူမယ်လို့ စဉ်းစားထားတယ်ဆိုရင် အိမ်ထောင်သည်တွေ အနေနဲ့ ရာသီစက်ဝန်းအကြောင်း၊ သားဥကြွေရက်အကြောင်း၊ ဂျူးဒိတ်တွေအကြောင်း သိထားဖို့ လိုပါတယ်။ ဒါမှ ဘယ်နေ့ ဘယ်ရက်တွေက ကိုယ့်အတွက် အလုပ်ဖြစ်သလဲဆိုတာ တွက်နိုင်မှာ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn | ရေးသားသူ Dr. Htet Htet Zaw Win

https://hellosayarwon.com/pregnancy/getting-pregnant/prediction-of-due-date/

Thursday, December 17, 2020

အနာပဆုပ် ၊အနာစိမ်းဆိုတာ

 အနာပဆုပ် ၊အနာစိမ်းဆိုတာ (https://content.ondoctor.com.mm/healthy-living/3895/)

ဇီဝက ဆေးခန်းမှာ အပြများတဲ့ လူနာတွေထဲမှာ အနာပဆုပ် ပေါက်တဲ့

လူနာတွေလည်း ပါပါတယ် ။မေးကြည့်ရင် “ဆရာရယ် ၊ဟိုမန်းဆေး အုံလိုက် ပေါက် နိုးနိုး ၊ဒီဆေးရွက်လေး ကောင်းတယ်ဆိုပြီး အုံလိုက် ပျောက်နိုးနိုးနဲ့။” ဆိုပြီး အနာပဆုပ်ကနေ အနာဟောင်းလောင်းဖြစ်ပြီး အခြေအနေ ဆိုးမှ ရောက်လာကြတဲ့သူတွေလည်း ဒုနဲ့ ဒေး ။ဒီလို မဖြစ်ရအောင် ၊စာဖတ်သူတွေလည်း ဗဟုသုတရအောင်ဒီဆောင်းပါးလေးမှာ အနာပဆုပ် ခေါ် အနာစိမ်းရောဂါ အကြောင်းလေး ပြောပြပါ့မယ် ။

အနာပဆုပ် ၊အနာစိမ်းဆိုတာ ဘာပါလဲ ။

အရေပြားမှာ နီရဲနေသော အဖုကလေး ထွက်လာမယ် ။ပြည်အောင်း

လာရင် မန်းလိုက်ပြီး ရောင်ရမ်းလာမယ် ။နာလာမယ် ။ကိုင်ကြည့်ရင် ပူနွေးနွေးနဲ့ နာမယ် ။တချို့ကျတော့လည်း ပြည်မတည်ဘဲ နီရဲရောင်ရမ်းနာ အဆင့်ကနေ ပြန်သက်သာသွားတတ်တယ် ။ထိုအနာစိမ်းကလေးများစုကာ အနာပေါက်ဝအများကြီးနဲ့အနာကြီး တစ်ခု တစ်ခါတစ်လေ ဖြစ်တတ်တယ် ။ထိုအနာကြီးကို အနာပဆုပ်ရယ်လို့ အရပ်ထဲ ခေါ်ကြတယ် ။

အနာပဆုပ် ၊အနာစိမ်း ဘာကြောင့်ဖြစ်တာလဲ ။

အထူးသဖြင့် အမွေးအမျှင်ရှိတဲ့ နေရာတွေ ဆံပင်ရင်း ၊ခြေသလုံးမွေးအရင်းရှိ အဆီအိတ်တွေ ၊အဆီဂလင်းတွေမှာ ပိုးဝင်ရောက်ရာကနေ ပြည်တည်နာဖြစ်တာပါ ။အထူးသဖြင့် မျက်နှာဆံစပ် နဲ့ လည်ပင်း ၊ချိုင်းကြား ၊ပေါင် ၊တင်ပါး ၊ခြေသလုံးတွေမှာ ပေါက်တတ်တယ် ။တစ်ကိုယ်ရေ မသန့် ရှင်းသူတွေ ၊ဆီးချိုသွေးချိုရောဂါသည်တွေမှာ အဖြစ်များတယ် ။

မိမိရဲ့ မိသားစုဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသမလဲ ။

အနာပဆုပ်လို့ ထင်ရင် ၊ဆီးချို သွေးချို ရောဂါ ရှိရင် ၊မိမိဘာသာ အနာ

ကို သန့်ရှင်းရေး လုပ်သော်လည်း တစ်ပတ်ကြာတဲ့အထိ မသက်သာရင် ၊အနာစိမ်းပိုးပေါက်ရင် ၊ဖျားပြီး ကိုယ်လက်မအီမသာဖြစ်လာရင် ၊မကြာခဏ အနာစိမ်းပေါက်တတ်ရင် မိမိရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် ။

မိမိဘာသာ ဘာလုပ်ထားနိုင်သလဲ ။

-အနာကို နေ့စဉ် ရေ ၊ဆပ်ပြာတို့ဖြင့် ဆေးကြောပါ ။ပြီးလျှင် ခြောက်အောင်ထားပါ။

-အနာ စူလာစေရန် နေ့စဉ် ရေနွေးဖတ် ကပ်ပါ ။

-အနာကို မဆွရ ။မကလိရ ။မညှစ်ရ ။ဆေးပူတွေ ၊အရွက်တွေ မအုံရ ။အပ်ဖြင့်

မဖောက်ရ ။သူ့ဘာသူ ပေါက်ထွက်ပါစေ ။ချပ်သွားပါစေ ။

အနာကို ကလိရင် ပိုးပိုဝင်က ပိုဆိုးတတ်ပါတယ် ။

-အနာမကူးစေရန် မျက်နှာသုတ်ပဝါ ၊တဘက် သီးသန့်ထားပါ ။

-အနာကို မကိုင်ခင် ၊ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောပါ ။

-အိပ်ရာခင်း ၊ခေါင်းအုံးစွပ်တို့တွင် သားငန်ရည် စွန်းထင်းက ရေနွေးဖြင့် သေချာ

ပြုတ်လျှော်ပါ ။

-အနာ မပျောက်မချင်း ဖြစ်တဲ့ လက် ၊ခြေသလုံးစတာတွေကို အနားပေးပါ ။လှုပ်ရှားမှုများများ မလုပ်ပါနဲ့ ။

-အနာပေါက်သွားပါက ပတ်တီးအစဖြင့် အုပ်ထားပါ ။အနာကို နေ့စဉ် ရေနွေးဖြင့်ဆေးပါ ။Betadine ကဲ့သို့သော ဆေးအရည်လေး ထည့်ပေးနိုင်တယ်။ အနာကျက်သည်အထိ ထိုနည်း အတိုင်းလုပ်ပါ ။

Author; ခေတ်သစ် ဇီဝက

News source from: https://content.ondoctor.com.mm/healthy-living/3895/

မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ

မျက်ရည်ယိုဗုံးအကြောင်း သိကောင်းစရာများ  စာရေးသူ - ပစ်တိုင်းထောင် (ဆေးမန်း) ၁) မျက်ရည်ယိုဗုံး (Tear Gas) ဆိုတာ - Tear Gas ကို အထိကရုံး နှိမ်န...